လွတ်လပ်ရေး လွတ်လပ်ရေးဆိုပြီး ... 

နေပြည်တော် ၅ ဇန်နဝါရီ


ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်ရသည့် မှတ်တမ်းမှာ မြန်မာ့ခေတ်သစ်သမိုင်းအတွက် တန်ဖိုးကြီးမြင့်သည့် မော်ကွန်းမှတ်တိုင်ပင် ဖြစ်ပါသည်။


ထို့ကြောင့်ပင် လွတ်လပ်ရေးရခဲ့သော ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင်နှစ်စဉ်နှစ်တိုင်းဆိုသလို ပြည်သူတို့၏ အောင်ပွဲသဘင်အဖြစ် ဂုဏ်ယူကျင်းပကြခြင်းဖြစ်၏။


လွတ်လပ်ရေးသည် မြန်မာနိုင်ငံပြည်သူလူထု တိုင်းရင်းသား လူမျိုးစုအသီးသီးတို့ အသက်စွန့် ကြိုးပမ်းအားထုတ်ကာ တိုက်ပွဲဝင်ရရှိခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသားတို့ တန်ဖိုးထားဂုဏ်ယူကြခြင်းသာ။


သို့သော်၊ လွတ်လပ်ရေးဟု ဆိုလိုက်သည်နှင့် လုပ်ချင်ရာ လုပ်လို့ရပြီဆိုသည့် အဓိပ္ပာယ်မဟုတ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်သကဲ့သို့ လမ်းမပေါ်တက်ပြီး ဆေးရိုးလှန်းသည့် လွတ်လပ်ရေးမဟုတ်။ စည်းနှင့်ကမ်းနှင့် လွတ်လပ်ရေးသည်သာ တကယ့်လွတ်လပ်ရေးဟု တန်ဖိုးထားစရာဖြစ်ပါမည်။ လွတ်လပ်ရေးဆိုသည်ကမိမိလုပ်ချင်တာလုပ်ပြီး သူတစ်ပါး၏ အခွင့်အရေးကို နားမလည်တာလွတ်လပ်ရေးမဟုတ်။


အဲသည်လို စည်းမရှိ ကမ်းမရှိ လုပ်ချင်ရာလုပ်တာ၊ သူတစ်ပါး၏အခွင့်အရေးကို ထိပါးတာ လွတ်လပ်ရေး မဟုတ်။ သူတစ်ပါးကို ထိခိုက်နစ်နာစရာများ ဖြစ်အောင်လုပ်နေသည်က လွတ်လပ်ရေးမဟုတ်။ ဥပဒေ၊စည်းမျဉ်း စည်းကမ်းများကို ဘေးဖယ်ကာ စည်းလွတ်ဝါးလွတ် လုပ်သည်ကလွတ်လပ်ရေးမဟုတ်။


အများပြည်သူပိုင်မြေများပေါ်ကို ကျူးကျော်ကာ ဆေးရိုးလှန်းတာ၊နေကြထိုင်ကြတာ၊ ဈေးတက်ရောင်းကြတာ စသည်တို့သည် လွတ်လပ်ရေးမဟုတ်။


အများပြည်သူသုံး ရေမြောင်းများထဲကို အမှိုက်များပစ်ချင်တိုင်းပစ်ချတာ၊ အိုးခွက် ပန်းကန်တို့ ဆေးကြောချတာ လွတ်လပ်ရေးမဟုတ်။


အများပြည်သူပန်းခြံများ မြေခင်းကွက်လပ်များမှာ ချက်ချင်တိုင်းချက်၊ ကြော်ချင်တိုင်းကြော်၊ ခင်းချင်တိုင်းခင်း၊ ရောင်းချင်တိုင်းရောင်းစားသောက်ဆိုင်မျိုးစုံ ဖွင့်ချင်သလို ဖွင့်ကြသည်မှာ လွတ်လပ်ရေးမဟုတ်။


ဘိန်းဖြူ ဘိန်းမည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတွေထောင်၊ မူးယစ်ထုံထိုင်းဆေးပြားမျိုးစုံထုတ်စက်ရုံများ တည်ဆောက်လုပ်ကိုင်၊ ထုတ်လုပ်နိုင်သမျှကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချင်တိုင်းဖြန့်၊ ရောင်းချင်တိုင်းရောင်း၊ ဝယ်ချင်တိုင်းဝယ်၊ ကုန်သွယ်ချင်တိုင်း ကုန်သွယ်ဆိုသည်မှာလွတ်လပ်ရေးမဟုတ်။


အစားအသောက်မျိုးစုံအတု၊ အရက်အတု၊ ဆေးဝါးအတုတို့ သာမကဆရာဝန်အတု၊ စာရေးဆရာအတု၊ အင်ဂျင်နီယာအတု၊ ပညာရှင်အတုအစရှိသည့် ပစ္စည်းအတု၊ လူအတုမျိုးစုံကို တိုင်းအနှံ့ ပြည်နယ်အနှံ့ သွားလာလှုပ်ရှား လိမ်လည်နေကြသည်က လွတ်လပ်ရေးမဟုတ်။


လူအချင်းချင်း မသိနားမလည်သူများကို လိမ်လည်လှည့်ဖြားခြင်း၊အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်အနိုင်ကျင့်ခြင်းစသည့်လုပ်ရပ်တို့က လွတ်လပ်ရေးမဟုတ်။


သူတစ်ပါး၏ အခွင့်အရေးကို နားလည်ခြင်း၊ ဥပဒေကို လိုက်နာခြင်း၊လူမှု စည်းမျဉ်းစည်းကမ်းတို့ကို စောင့်ထိန်းခြင်း၊ လူအချင်းချင်းစာနာခွင့်လွှတ်ခြင်းတို့ဖြင့်သာ လွတ်လပ်ရေး၏ တန်ဖိုးအစစ်အမှန်ကို သိရှိနိုင် ပါမည်။


လွတ်လပ်ရေးဆိုသည်မှာ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို အလေးထားရသကဲ့သို့ လူများစု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်ဖို့ လိုပါမည်။ မိမိတို့ တစ်ဦးချင်းစီ၏ အခွင့်အရေးများကို ရယူခံစားနေချိန်တွင် လွတ်လပ်မှုအခွင့်အရေး ဆုံးရှုံးနေကြရရှာသော ပြည်သူတို့၏ ဘဝများကို စာနာနားလည်နိုင်ဖို့ လိုပါမည်ဟု နှိုးဆော်လိုက်ရပါကြောင်း။ ။


မြန်မာ့အလင်း