လွတ်လပ်ခွင့်နှင့် တာဝန်ယူမှု

ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတို့နှင့်အတူ တွဲဖက်ပါဝင်သည်က ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့ ဖြစ်သည်။

 

ခေတ်သစ်၊ စနစ်သစ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲမည်ဆိုလျှင် စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လူတစ်ဦးချင်းစီ၏ ထုတ်ဖော်ပြောဆိုခွင့် စသည့် အခွင့်အရေးများကို အရေးတယူ မစဉ်းစားဘဲ မဖြစ်နိုင်ပါ။

 

ဒီမိုကရေစီခေတ် အကူးအပြောင်း စတင်တော့မည်ဆိုသည့် အချိန်ကတည်းက စာပေစိစစ်ရေးစနစ် ကင်းရှင်းသွားခဲ့သည်။

 

ထိုစဉ်က ဒီမိုကရေစီအကူးအပြောင်းနှင့်အတူ စာပေလွတ်လပ်ခွင့် ကို မဖြစ်မနေပြောင်းလဲကြမှ ဖြစ်တော့မည်ဟူသည့် အမျိုးသားရေး ပေါ်လစီကိုတည်၍ စာပေစိစစ်ရေးကို လုံးဝရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ မည်သို့သောအခြေအနေဖြစ်စေ ပြည်သူလူထု၏ အခြေခံအကျဆုံးသော လိုအပ်ချက် ဖြစ်သည့် စာပေနှင့် သတင်းလွတ်လပ်ခွင့် ပိတ်ပင်ထားသည့် အနေအထားကို ပြောင်းလဲမှ ဖြစ်တော့မည်ဟူသည့် လက်တွေ့ဘ၀ကို နားလည်သည့်အားလျော်စွာ အချိန်မဆွဲဘဲ ရုတ်ခြည်းဆို သလို စာပေ စိစစ်ရေး လုံးဝပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။

 

စာပေစိစစ်ရေး မရှိတော့သည့်အခါ ပြည်သူလူထုနှင့် အထူးသဖြင့် စာပေလောကသားများ အကြားတွင် ဦးစွာဖြစ်ပေါ်လာသော ခံစားရမှုမှာ လွတ်လပ်သွားခြင်း ဖြစ်ပါသည်။ အနုပညာရှင်တို့ ဖန်တီးချင်သလို ဖန်တီးခွင့်ရသွားပြီး ပြည်သူတို့မှာလည်း အနုပညာရှင်တို့ ဖန်တီးသည့် အတိုင်း ခံစားခွင့်ရပြီဟူ၍ ဖြစ်ပါသည်။ အနုပညာရှင်တို့၏ ထုတ်ဖော် ပြောဆိုမှုများအရဆိုလျှင် ပွင့်လင်း လွတ်လပ်လွန်းသည့်အတွက် ကိုယ့်အနုပညာကို ဘယ်လိုဘယ်နည်း ထိန်းချုပ်ရမည်ကိုပင် မသိလောက်အောင် ဖြစ်ခဲ့ရသည်ဆို၏။

 

သည်လိုနှင့်၊ စာလုံးပေါင်းသတ်ပုံပင် မှန်အောင်မရေးတတ်သော စာရေးသားသူများ၊ သာမန်အနေ အထားဖြင့်ပင် စာကိုပြေပြစ်အောင် မရေးနိုင်သူများကလည်း စာပေစင်မြင့်ပေါ်ရောက်လာသည်ဟု ဆိုရပါမည်။

 

အောင်မြင်မှု၏ အဖျားအနားကို ခူးဆွတ်ခံစားခွင့်ရသူတို့ကလည်း ကိုယ့်ကိုယ်ကိုယ် အတိုင်းအဆမဲ့ ထိပ်ဆုံးရောက်နေသူဟူ၍ အထင်ရောက်ကာ လူမှုအဖွဲ့အစည်းကို နည်းပေးလမ်းပြလုပ်လာကြသည်။ ထင်မြင်ရာအစွဲတို့ဖြင့် ကိုယ်ပြောရာ အမှန်ဆုံးအဖြစ် ယူဆလာကြသည်။ အထူးသဖြင့်မူ လူသုံးများလာသော လူမှုကွန်ရက်များပေါ်တွင်ကျယ်လာ ကြရင်း နိုင်ငံတစ်ခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစုစုတို့တွင် ဦးဆောင်မှုပေးနေသူများသဖွယ် ထုတ်ဖော်ပြောဆို လာ ကြသည်။

 

ထိုနည်းတူစွာ ရုပ်ရှင်၊ ဂီတအစရှိသော အများပြည်သူနှင့် ပတ်သက် စပ်ဆိုင်လာသည့် နယ်ပယ်များတွင်လည်း ရုန့်ရင်းမှုလော၊ ရိုင်းပျမှုလော၊ အများပြည်သူကြားတွင် ဖော်ပြရန်သင့်၏၊ မသင့်၏လောဟု မသိလောက် အောင်ပင် ဖြစ်လာသည်တို့ရှိ၏။

လောကသဘာဝအရ လွတ်လပ်ခွင့်ရရှိလာသည့်အခါ ထိုလွတ်လပ်ခွင့်၏ အတိုင်းအဆကို မည်ရွေ့မည်မျှဟု မချိန်ဆနိုင်ဘဲ စိတ်ထင်သလို အသုံးချလာသည့်အခါ အများပြည်သူအတွက် အလွန်ပင် မသင့်လျော် မလျောက်ပတ်သော ဖော်ထုတ်မှုများ ဖြစ်လာသည်ကို တွေ့လာရလေ သည်။ အမှန်မှာ ဒီမိုကရေစီအရင့်အမာ နိုင်ငံကြီးများတွင်ပင် အများပြည်သူပြသမည့် ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည်တို့ကို ကလေးမကြည့်ရ။ အသက် ၁၃ နှစ်အောက်ဆိုလျှင် လူကြီးဖြင့်သာကြည့်ရန်၊ အသက် ၁၈ နှစ်အောက်မကြည့်ရ စသည်ဖြင့် အကန့်အသတ်များ ထားရှိပါသည်။ မြန်မာနိုင်ငံတွင်မူ လွတ်လပ်ခွင့်ကို အကန့်အသတ်မဲ့ ရရှိထားဘိ သကဲ့သို့ ဖြစ်နေရာ အလွန်ရုပ်ဆိုး အကျည်းတန်မှုများ ကို မြင်တွေ့နေရလေသည်။

 

အချုပ်ဆိုရလျှင်မူ လူတို့၏ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ စာပေနှင့် သတင်းလွတ်လပ်ခွင့် စသည်တို့က အခြေခံလိုအပ်ချက်များအဖြစ် မပေးမဖြစ် ပေးရမည်ဖြစ်ပါသည်။ သို့သော်လည်း ထိုထိုသော စာပေနှင့် သတင်းလွတ်လပ်ခွင့်ဆိုသည်တို့တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုသည်တို့ တွဲလျက်ပါဝင်နေသည်ကို နားလည်ကြရန်၊ အများပြည်သူကြား ရုန့်ရင်းကြမ်းတမ်းမှုများကို ရှောင်ကြဉ်ကာ ယဉ်ကျေးဖွယ်ရာသည့်၊ သင့်တင့်သည့်၊ မှန်ကန်သော အချက်အလက်များသာ ပါဝင်သည့် ဖော်ပြမှုများဖြစ်ရန်လည်း လိုအပ်သည်သာ ဖြစ်လေ၏။

 

လွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သည့် ဝန်းကျင်ပေါ်ပေါက်ရေး၊ အနုပညာ အရည်အသွေးများ ပိုမိုတောက်ပြောင် မြင့်မားလာရေး၊ ပြည်သူတို့ သိရှိထိုက်သည်များကို သတင်းအချက် အလက်မှန်များအဖြစ် ပြည်သူ့မျက်မှောက်သို့ မြန်နိုင်သမျှ မြန်မြန် တင်ပြနိုင်ရေး တို့ကသာ အရေးအကြီးဆုံး၊ အခရာအကျဆုံးဖြစ်သည် မဟုတ်ပါလော။ ။

 

jhss