လွတ်လပ်စွာ မဲပေးခွင့်

ဒေါက်တာခိုင်ခိုင်ဝင်း

 

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲပြုလုပ်ပြီး အစိုးရတစ်ရပ် ဖော်ဆောင်တဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီစနစ်လို့ ဆိုကြပါသည်။ ရွေးကောက်ပွဲသည် လွတ်လပ်မျှတရမည်ဖြစ်သလို မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိရမည်လည်းဖြစ်သည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR) အပိုဒ်(၂၁)၊ အပိုဒ်ခွဲ (၃) တွင် အစိုးရ အုပ်ချုပ်မှုအာဏာသည် ပြည်သူ ပြည်သားတို့၏ ဆန္ဒအပေါ်အခြေခံရမည်။ လူတိုင်းပါဝင်၍ တန်းတူညီမျှဆန္ဒမဲပေးနိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါ ဆန္ဒကိုဖော်ထုတ်ရမည်ဟု ဆိုထားပါသည်။ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို လူသားတို့၏ အခြေခံလူ့အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတစ်ခုအဖြစ်ဟုလည်း သတ်မှတ်ထားသည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ တစ်ဦးတစ်ယောက်စီတိုင်းသည် ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမည် ဖြစ်ပါသည်။ လွတ်လပ်စွာ မဲပေးခွင့်သည် နိုင်ငံသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်သလို ရွေးကောက်ပွဲရလဒ်များသည် ပြည်သူ၏ဆန္ဒနှင့်တစ်ထပ်တည်းဖြစ်ဖို့ရာ အရေးကြီးလှပါသည်။

 

မဲပေးခွင့်နှင့်စပ်လျဉ်းပြီး သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ကမ္ဘာ့နိုင်ငံအများစုတွင် ယခင်က အမျိုးသမီးများ လွတ်လပ်စွာ မဲပေးခွင့်မရှိဘဲ မဲပေးပိုင်ခွင့်ကို ကန့်သတ်ထားခြင်းမျိုး ရှိခဲ့သည့်အတွက် ၂၀ ရာစု အစောပိုင်းမှစတင်ကာ အမျိုးသမီးများမဲပေးခွင့် ရရှိရေး လှုပ်ရှားဆောင်ရွက်မှုများဖြင့် အမျိုးသမီးများ မဲပေးခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယနေ့ခေတ်အခါတွင် အမျိုးသမီးများမဲပေး ပိုင်ခွင့်များရှိလာနေပြီ ဖြစ်ပါသည်။ ယနေ့နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ ဆော်ဒီအာရေဗျ နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အမျိုးသမီးများမဲပေးခွင့် အခွင့်အရေးကို ခွင့်ပြုလိုက်သည့်နိုင်ငံ ဖြစ်ပါသည်။ ၂၀ ရာစုအစမှသည် ၂၁ ရာစုဖြစ်သည့် ၂၀၁၅ ခုနှစ်တိုင် ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီးများ မဲပေးခွင့်ရရှိရေး အစဉ်အဆက် ကြိုးပမ်းခဲ့ကြသည်လည်း ဖြစ်ပါသည်။ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်မည်ဆိုပါက အမျိုးသမီးများ မဲပေးပိုင်ခွင့်မရရှိခြင်းသည် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရခြင်း၊ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေး ထိပါးချိုးဖောက်ခံရခြင်းနှင့် နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးခြင်းတို့မည်ပါသည်။

 

မဲပေးခွင့် ရှိသူတိုင်း လွတ်လပ်စွာ မဲပေးခွင့်

 

အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ သန်စွမ်းသူဖြစ်စေ၊ မသန်စွမ်းသူဖြစ်စေ၊ ကိုးကွယ်ရာဘာသာ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အသားရောင်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ပညာ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ၊ မြို့ပေါ်တွင် နေထိုင်သူ ဖြစ်စေ၊ ကျေးလက်တွင် နေထိုင်သူ ဖြစ်စေ၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ၎င်းတို့နိုင်ငံအတွက် ၎င်းတို့ စိတ်ကြိုက်ခေါင်းဆောင်များကို ရွေးချယ်ခွင့်၊ လွတ်လပ်စွာမဲပေးခွင့်ရှိမှသာ ဒီမိုကရေစနစ်ပီပြင်မည် ဖြစ်ပါသည်။ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်သလိုမဲပေး ပိုင်ခွင့်ရှိသူ တစ်ဦးတစ်ယောက်မှ မကျန်ရစ်ခဲ့စေရေး သေချာအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း လွတ်လပ်စွာ အပြည့်အဝ မဲပေးပိုင်ခွင့်ရှိသည်ဟု ဆိုထားသည်ဖြစ်ရာ သန်စွမ်းသူများနည်းတူ မသန်စွမ်းသူများလည်း အကျုံးဝင် မဲပေးပိုင်ခွင့်ရှိသည်လည်းဖြစ်ပါသည်။ မဲပေးပိုင်ခွင့် ရှိသူဆိုသည်နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများမှ တရားဝင် ဥပဒေများပြဋ္ဌာန်း၍ သတ်မှတ်ထားကြပါသည်။ မဲပေးပိုင်ခွင့်ရှိသူ အရည်အချင်း သတ်မှတ်ချက်များသည် နိုင်ငံအလိုက် ကွဲလွဲမှု ရှိကြပါသည်။

 

မဲတစ်ပြားစီတိုင်းမှာ အရေးကြီး

 

စစ်မှန်သည့် ရွေးကောက်ပွဲများတွင် နိုင်ငံသားတိုင်း၏ လွတ်လပ်သောဆန္ဒဖြင့် မဲပေးခွင့်ရှိသော မဲတစ်ပြားစီတိုင်းသည် နိုင်ငံအတွက် အရေးကြီးသည်လည်း ဖြစ်ပါသည်။ စစ်မှန်သော ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးနိုင်ရေးနှင့် စစ်မှန်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် လွတ်လပ်စွာမဲပေးခွင့်သည် အရေးကြီးသလို မဲပေးကြမည့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတို့၏ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ အပေါ်စိတ်ဝင်စားမှု၊ မိမိတို့မြို့နယ်ရှိ မိမိတို့ရွေးချယ် မဲပေးမည့် ကိုယ်စားလှယ်လောင်း၏ အခြေအနေကို သိရှိနားလည်ထားမှုသည်လည်း အရေးကြီးလှပါသည်။ ဒီမိုကရေစီစနစ်အရ နိုင်ငံသားတိုင်း လွတ်လပ်စွာမဲပေးခွင့်ရှိရမည် ဖြစ်သော်လည်းမှန်ကန်သည့် ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးဖို့ရာ လိုအပ်ပါသည်။

 

ကောင်းမွန်သည့် အစိုးရတစ်ရပ် ဖြစ်တည်လာရေးအတွက် အသည်းကြားက မဲတစ်ပြားဟု ဆိုရလောက် သည်အထိ မဲတစ်ပြားစီတိုင်းသည် တန်ဖိုးရှိလှသည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်မျှ မကျန် မဲပေးဖို့ လိုအပ်ပါသည်။ သည့်အတွက် မဲပေးနိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိနိုင်ရေး စီမံဆောင်ရွက်ပေးဖို့ရာ လိုအပ်ပါသည်။ ဥပမာအားဖြင့် မသန်စွမ်းသူများ မဲပေးခွင့် ဖြစ်ပါသည်။ လွတ်လပ်စွာ မဲပေးခွင့်နှင့် စပ်လျဉ်းပြီး မသန်စွမ်း အမျိုးအစားတစ်ခုဖြစ်သည့် အကြားအာရုံ မသန်စွမ်းမှု ခံစားနေရသူ နားမကြားသူတစ်ဦးအတွက် မဲပေးပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဗဟုသုတများ သိရှိထားရန် လိုအပ်ပါသည်။ မှန်ကန်စွာ ရွေးချယ်မဲပေးနိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းများကို သိရှိထားရန် လိုအပ်သလို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ဗဟုသုတများကို ရုပ်မြင်သံကြားများမှ ထုတ်လွှင့်ရာတွင် လက်သင်္ကေတများဖြင့် ရှင်းလင်းဖော်ပြဖို့ရာလည်း လိုအပ်ပါသည်။ မဲရုံများတွင်လည်း ရုပ်ပြပညာပေးပုံများ ကပ်ပေးထားရန် လိုအပ်ပါသည်။ တချို့သော မသန်စွမ်းများအတွက် မဲရုံသို့ လာရောက်မဲပေးရေးမှာ အခက်အခဲရှိသည်လည်းဖြစ်ရာ အဆိုပါ အခက်အခဲကို ဖြေရှင်းနိုင်သည့် အကောင်းဆုံး နည်းလမ်းကိုလည်း စဉ်းစားစီစဉ် ထားရမည်လည်း ဖြစ်ပါသည်။ ။

 

အဓိကအရေးကြီးသည်မှာ မဲပေးရာတွင် မဲပေးသူ ကိုယ်တိုင်၏ ဆန္ဒအမှန် ကိုယ်တိုင်ဖြစ်ရန်နှင့် လွတ်လပ်စွာ မဲပေးခွင့်ပေးရန်ဖြစ်ပါသည်။ အမြင်အာရုံ မသန်စွမ်းသူများအတွက်မူ Braille Voter Slip Template များဖြင့် မဲပေးနိုင်ဖို့ရာ စီစဉ်ပေးရန် လိုအပ်ပါသည်။

 

ကိုယ်ခန္ဓာမသန်စွမ်းများအတွက် အထူးသဖြင့် Wheel Chair အသုံးပြု သွားလာနေသူများအတွက် ၎င်းတို့ ဝင်ထွက်သွားလာလ ွယ်ကူနိုင်မည့် မဲရုံအပြင်အဆင်များဖြင့် မသန်စွမ်းသူများ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ မသန်စွမ်းသူများနှင့်စပ်လျဉ်းသည့် ဗဟုသုတများ အကြောင်းအရာများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား သိရှိနိုင်ရေးကြိုတင်အသိ ပညာပေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။ မသန်စွမ်းသူ မဲဆန္ဒရှင်များရှိနေသည့် အရပ်ဒေသနယ်ပယ် စာရင်းများ တိတိကျကျထားရှိ ထားရမည်ဖြစ်ပါသည်။ သို့မှသာ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများဖြစ်သည့် မသန်စွမ်းသူများ ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိဘဲ လွတ်လပ်စွာမဲပေးနိုင်မည် ဖြစ်ပါသည်။

 

 

အဆင်ပြေသော မဲရုံများ ဖြစ်ရမည်

 

အချုပ်ဆိုရသော် ဒီမိုကရေစီနိုင်ငံများ၏ အနှစ်သာရ တစ်ခုဖြစ်သော ပါတီစုံပါဝင်သည့် အထွေထွေရွေးကောက် ပွဲကျင်းပပြီး ပြည်သူများ၏ ဆန္ဒအမှန် ထင်ဟပ်စေသည့် ရွေးကောက်ပွဲရလဒ် ရရှိရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိရပါမည်။ မဲပေးရာတွင် လွတ်လပ်စွာ မဲပေးခွင့် ရှိရပါမည်။ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် မဲရုံနေရာများ၊ အခင်းအကျင်းများသည် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို အားလုံးအတွက် အဆင်ပြေ လက်လှမ်းမီသည့် နေရာတွင်ရှိရပါမည်။ အရည်အချင်းပြည့်မီ မဲရုံဝန်ထမ်းများလည်း ထားရှိရမည်ဖြစ်ပါကြောင်း ရေးသားရင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအား ကြိုဆိုလိုက်ရပါသည်။ ။