လျှပ်စစ်ကော်မရှင် ဖွဲ့စည်းရာတွင် နားလည်တတ်ကျွမ်းသော ဝန်ထမ်းများ လိုအပ်ခြင်းကြောင့် သင့်လျော်သည့် အချိန်ရောက်မှသာ ဖွဲ့စည်းသင့်

နေပြည်တော်  ၁၉  ဒီဇင်ဘာ

 

လျှပ်စစ်ကော်မရှင် ဖွဲ့စည်းရာတွင် လုပ်ငန်းသဘာဝများကို နားလည်တတ်ကျွမ်းသော ဝန်ထမ်းများ ရရှိနိုင်ရန် လေ့ကျင့်ပျိုးထောင်ရမည့် အချိန်ကာလများစွာ လိုအပ်နေခြင်းကြောင့် သင့်လျော်သည့် အချိန်ကာလရောက်မှသာ ဖွဲ့စည်းသင့်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၏ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျှပ်စစ်ကော်မရှင်အား ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “ကော်မရှင်ကို ဖွဲ့စည်းရာတွင် ကော်မရှင် အဖွဲ့ဝင်ကိုသာ ရွေးချယ်တာဝန်ပေးရုံဖြင့် ရနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ရုံးဌာနများ ဖွဲ့စည်းရန် လိုအပ်ပြီး အဆိုပါ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများသည် ကော်မရှင်၏ လုပ်ငန်းသဘော သဘာဝကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများစွာ ထပ်မံခန့်ထား ဆောင်ရွက်နိုင်မှသာ ကော်မရှင်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း” ဖြေကြားသည်။

 

အလားတူ ကော်မရှင်ကို တာဝန်ပေးသည့် အခါတွင်လည်း နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် ဥက္ကဋ္ဌ အပါအဝင် ငါးဦးမှ ခုနစ်ဦး အမည်စာရင်းကို လွှတ်တော်၏ သဘောတူညီချက် ရယူ၍ ဖွဲ့စည်းနိုင်မည် ဖြစ်သော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ မူလအရည်အချင်းများသည် လွန်စွာအရေးကြီးပါကြောင်း၊ ကော်မရှင်အနေဖြင့် လျှပ်စစ်ဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်အရ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အထောက်အပံ့ပြုမည့် ဌာနများနှင့် ရုံးအဖွဲ့များမရှိခြင်း၊ ကော်မရှင် အသုံးစရိတ် ရန်ပုံငွေမပါရှိခြင်း၊ လျှပ်စစ်ကော်မရှင်၏ လုပ်ငန်းသဘာဝများကို နားလည်တတ်ကျွမ်းသော ဝန်ထမ်းများရရှိနိုင်ရန် လေ့ကျင့်ပျိုးထောင်ရမည့် အချိန်ကာလများစွာ လိုအပ်နေခြင်းကြောင့် သင့်လျော်သည့် အချိန်ကာလရောက်မှသာ ဖွဲ့စည်းသင့်ပါကြောင်း” ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN