လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်းပြည့်ရေး ကြိုးပမ်း

၁၈  ဖေဖော်ဝါရီ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိက အကြောင်းရင်းဖြစ်သည်။ ။

ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ၂၀၁၉ ခုနှစ်အကုန်တွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိအောင်ရည်မှန်း၍ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နောင်လာမည့်နှစ်များ၌ တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး အပြည့်အဝရရှိအောင် မျှော်မှန်းဆောင်ရွက်နေသည်။

လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်သည် မျှော်မှန်းသည့်အတိုင်း ဖြစ်လာခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ကြမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးလာရန်အတွက်လည်း အလားအလာကောင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ကြောင်း တစ်နိုင်ငံလုံးသို့ အသိပေးနိုင်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲများက ယမန်နှစ်က လူထုနှင့်တွေ့ဆုံခဲ့ကြရာ တွင် ၂၀၁၉ ခုနှစ်ကုန်လျှင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ပြည်သူလူထု ၅၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုခဲ့သည့်အတိုင်း ယခု ၂၀၂၀ နှစ်ဆန်းတွင် နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ကြောင်း အလုပ်နှင့်သက်သေပြနိုင်ခဲ့သည်။ ယခုအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား နိုင်မည်ဆိုလျှင် လာမည့်နှစ်များတွင် လျှပ်စစ်ဓာတ်အား တစ်နိုင်ငံလုံး အပြည့်အဝ ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင် လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ပမာဏသည် အဓိကကျသော အချက်တစ်ခု ဖြစ်သည်။ လျှပ်စစ်ဓာတ်အားသည်နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းနိုင်သည့်အကြောင်း အချက်လည်းဖြစ်သည်။ လူတစ်ဦးချင်းအတွက် နှစ်စဉ်ထုတ်လုပ်သည့် ဓာတ်အားပမာဏ(ကီလိုဝပ်နာရီ)မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကီလိုဝပ်နာရီ အလုံအလောက်ရှိပြီး အာဆီယံနိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံတွင် ကီလိုဝပ် နာရီ ၂၅၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၁၀၀၀ ကျော်၊ လာအိုနိုင်ငံတွင် ၁၆၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၃၀၀ နီးပါးရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ခုနှစ်က လူတစ်ဦးချင်းအတွက် နှစ်စဉ်ထုတ်လုပ်သည့် ဓာတ်အား ကီလိုဝပ်နာရီ ၁၄၅ ရှိပြီး ပြည်သူ့အစိုးရ လက်ထက်တတိယ(၁)နှစ်တာကာလအတွင်း တစ်နှစ်လျှင် လူတစ်ယောက်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ ကီလိုဝပ်နာရီ ၃၇၀ ရှိလာသဖြင့် များစွာတိုးတက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ယမန်နှစ်က မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး ယခုအခါ ရာခိုင်နှုန်း တစ်ဝက်ပြည့်ပြီဖြစ်၍ ရာခိုင်နှုန်းပြည့်တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေးဆိုရာ၌ နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ရရှိနေသောပြည်သူများ ပိုမိုသုံးစွဲရေးထက် လျှပ်စစ်မီးမရရှိသေးသော ပြည်သူလူထု ၅၀ ရာခိုင်နှုန်း ရှိနေသေးသည်ကို အားလုံးသတိမူကြရမည်ဖြစ်သည်။ သို့မှလည်း ရည်မှန်းချက်ပြည့်မီနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားကို လိုသလောက်သုံးစွဲပြီး ခြိုးခြံချွေတာ စည်းကမ်းလိုက်နာခြင်းဖြင့် လိုအပ်နေသည့်ဘက်သို့ အမြန်ပြည့်မီရေး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ပြီး ဆက်လက်၍ ပြည်သူလူထု ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိ နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ