လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း Wa Ale Resort သို့ နိုင်ငံတကာမှခရီးသွားများ နှစ်စဉ်အပန်းဖြေလည်ပတ်လျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၃

မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နှင့်ရေမိုင် ၆၀ အကွာတွင်ရှိသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဝါးအလယ်ကျွန်း (Wa Ale Resort)သို့ နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဧရိယာ ၁၀၀ ဒသမ ၁၅ ဧကအကျယ်တွင် ဝါးအလယ်ကျွန်း အပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး  မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်တစ်ခုဖြစ် ခြင်း၊ ရုက္ခ၊ဇီဝနှင့်အဏ္ဏဝါဆိုင်ရာ သဘာဝကုန်းနေ/ ရေနေတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် တည်ရှိခြင်း၊ အပန်းဖြေဧရိယာအတွင်း က‌ယက်လှေဖြင့် သဘာဝအလှကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ လှပသန့်ရှင်းသောပင်လယ်ပြင်နှင့် သောင်ပြင် အလှ တို့ရှိနေခြင်း၊ ဆလုံတိုင်းရင်းသားတို့၏လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံခရီးသွား အရင်းအမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့် နိုင်ငံတကာမှ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည်။

“ကျွန်တော်တို့လန်ပိကျွန်းမှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုရှိတယ်။ ဝါး အလယ် ကျွန်းလို့ခေါ်တဲ့ အဲဒီအပန်းဖြေစခန်းမှာ နိုင်ငံခြားသား ခရီးသွားတွေ အပန်းဖြေလည်ပတ် နေကြပါပြီ။ အထူးသဖြင့် ကယက်လှေနဲ့လည်ပတ်တာ၊ နေဝင်ဆည်းဆာမှာ ကုန်းနေ/ရေ နေငှက်တွေ ကိုကြည့်တာ နှစ်သက်ကြတယ်။ လှိုင်းစီးမယ်၊ သန္တာကျောက်တန်းတွေကို လေ့လာကြတယ်။ လန်ပိကျွန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအဏ္ဏဝါအမျိုး သားဥယျာဉ် ဖြစ်တဲ့အပြင် အာဆီယံအမွေအနှစ်ဥယျာဉ် တစ်ခုလည်းဖြစ်ပါတယ်။ ဌာနအနေနဲ့ မီးခိုးမထွက်တဲ့ အစိမ်းရောင်စီးပွားရေးကနေ နိုင်ငံအတွက် ဝင်ငွေရှာဖွေပေးနိုင်တဲ့အတွက် အတိုင်းမသိဝမ်း မြောက်ဂုဏ်ယူမိပါတယ်။ အဏ္ဏဝါအမျိုး သားဥယျာဉ်ကြီး ရေရှည်တည်တံ့ဖို့အတွက် ဆက်စပ်ဌာနများနဲ့ပြည်သူလူထု ပူးပေါင်းပါဝင် ထိန်းသိမ်းသွားဖို့လည်း တိုက်တွန်းလိုပါတယ်”ဟု လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦး က ပြောသည်။

ဝါးအလယ်ကျွန်း (Wa Ale  Resort ) ၏ အရှေ့ဖက်မျက်နှာစာနှင့် အနောက်ဖက် မျက်နှာစာမှ ပင်လယ်ပြင်အလှကို အပြည့်အဝ ကြည့်ရှုခံစားနိုင်သည့်အပြင် အာရုဏ်ဦး အလှနှင့် ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်သောကြောင့် ခရီးသွားရာသီ ဒီဇင်ဘာလ ကုန်ပိုင်းတွင် ခရီးသွားများ ဝင်ရောက်နေခြင်းဖြစ်သည်။ လန်ပိကျွန်းအဏ္ဏဝါ အမျိုးသား ဥယျာဉ်သည် အလျားမိုင် ၃၀၊ အနံ ၇ မိုင်ရှိပြီး ကုန်းတွင်းနှင့်အဏ္ဏဝါ၌ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝကာ ရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက် ၂၈၈ မျိုးရှိ၍ အောက်ချင်းငှက်နှင့် ပုလင်းနှုတ်သီးလင်းပိုင်များလည်း ကျက်စားသည့်အတွက် နိုင်ငံခြားသားခရီးသွားများ လေ့လာစူးစမ်းရာ နေရာတစ်ခုအဖြစ် ဆွဲဆောင်လျက်ရှိသည်။

၂၀၂၄ ခုနှစ် ခရီးသွားရာသီ၌ မြန်မာပြည်မြောက်ပိုင်း ရေခဲတောင်ဒေသ၊ တောင်ပေါ် ဒေသ၊ မြန်မာပြည် အလယ်ပိုင်းပုဂံဒေသနှင့် ခရီးသွားဒေသများ၊ ရန်ကုန်မြို့ ရှေးဟောင်း မြို့ပြအဆောက်အအုံများနှင့် ကော့သောင်း ခရိုင် မြိတ်ကျွန်းစုတို့တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အပန်းဖြေလည်ပတ်ကြလျက်ရှိသည်။ ယခုလို ဆောင်းရာသီ၌ မြို့ပြမွန်းကြပ်မှုကို ပြေပျောက်စေသည့် ပင်လယ်ကမ်းခြေအပန်းဖြေလည်ပတ်မှုတွင် မြန်မာပြည်တောင်ဘက်စွန်းရှိ လန်ပိကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကျွန်းဘုရင်၊ သမီးလှကျွန်း၊ မင်းသားကျွန်းနှင့် ဝါးအလယ်ကျွန်းအပန်းဖြေ စခန်းတို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေလည်ပတ် ကြလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ခရီးသွား ကုမ္ပဏီတို့က ခရီးသွားများကို ဝန်ဆောင်မှုများပေးလျက်ရှိသည်။ အထူးသဖြင့် ရှားပါးမျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိရာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ Wa Ale Resort သို့ နိုင်ငံတကာမှ ခရီးသွားများ နှစ်စဉ် လာရောက်အပန်းဖြေလည်ပတ်လျက်ရှိကြောင်း သိရသည်။

သတင်း- ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ -အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး