လှည်းကူးမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် အလှူရှင်များ စုပေါင်းဝယ်ယူလှူဒါန်းသော အောက်ဆီဂျင်စက်သစ် ရောက်ရှိ

လှည်းကူး စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အောက်ဆီဂျင် အခက်အခဲ မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းဝယ်ယူလှူဒါန်းသော အောက်ဆီဂျင်စက်သစ်ကြီးသည် စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့်က  စခန်းကြီးကျေးရွာ စက်ရုံတည်ဆောက်မည့်နေရာသို့ ရောက်ရှိကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့က လတ်တလော အောက်ဆီဂျင် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အောက်ဆီဂျင်စက်မှာယူထားသည့် ကာလအတွင်း စက်ရုံတွင် တည်အိုးအဖြစ်အသုံးပြုရန်အတွက်  ၄၀ လီတာဆံ့ အောက်ဆီဂျင်အရည်ပါအိုးများကို ကြိုတင်မှာယူထားခဲ့ပြီး အိုးတွင်းပါအောက်ဆီဂျင်များနှင့်  မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့ထောက်ခံချက်ဖြင့် ရန်ကုန်တိုင်းတွင်းမှ ထုတ်ယူရရှိသော အောက်ဆီဂျင်များကို  ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများအပါအဝင် ပရဟိတအသင်းအဖွဲ့များသို့ သြဂုတ်လ ပထမပတ်မှ စက်တင်ဘာ တတိယအပတ်အထိ နေ့စဉ်ဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောက်ရှိလာသည့် အောက်ဆီဂျင်စက်သစ်သည် တစ်ရက်လျှင် ၄၀ လီတာဆံ့ ပျမ်းမျှ အိုးအလုံးရေ ၉၀ မှ ၁၀၀ ခန့် ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင်စက်သစ်ထားရှိသည့် အဆောက်အဦ အပြီးသတ် ဆောက်လုပ်မှုနှင့်  စက်တပ်ဆင်မှုပြီးစီးပါက အမှန်တကယ် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် နေ့စဉ်ထုတ်လုပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့ အလုပ်အမှုဆောင် စခန်းကြီးတောရ(သုဿာန်)ဆရာတော် ထံမှသိရသည်။

ကျော်ကျော်(ပြန်/ဆက်)