လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

၁၉ စက်တင်ဘာ

 

တစ်ခါတလေ လည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီး ယားစေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

 

၁။ ရေသောက်နည်းတာ

 

တစ်နေ့ကို ရေအနည်းဆုံး ၂လီတာလောက်မှ မသောက်တဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။

 

ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ရေ၃လီတာခန့် အနည်းဆုံးသောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာခွဲလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး ချွေးအထွက်များတဲ့နေ့တွေဆိုရင် ရေပိုသောက်ပါ။ ကော်ဖီ၊ အအေး လျှော့သောက်ပါ။

 

၂။ ပါးစပ်ဟပြီး အိပ်တတ်တာ

 

အိပ်တဲ့အချိန်ဆိုရင် ပါးစပ်ကြီးဟ သွားရေတွေ ယိုတတ်တဲ့အကျင့် သင့်မှာရှိလား။ ညအိပ်နေရင်း အသက်ရှူကြပ်ပြီး ပါးစပ်ဟ အသက်ရှူရတဲ့ရောဂါ သင့်မှာရှိလား။ တစ်ညလုံးလိုလို ပါးစပ်ကြီးကို ဖွင့်ထားပြီး အိပ်ပျော်နေတဲ့အခါကျ မနက်နိုးလာရင် ပါးစပ်မှာကလည်း သွားရေတွေနည်းပြီး ခြောက်ကပ်ကပ်ဖြစ်၊ လည်ချောင်းကလည်း ယားကျိကျိနဲ့ နေရခက်စေတယ်နော်။ ဒီလိုလက္ခဏာအပြင်ကိုမှ သွားရေတွေ ခြောက်သွားခြင်းကြောင့် ခံတွင်းအနံ့ဆိုးဖြစ်တာ၊ ညအိပ်နေစဉ် ဟောက်တာ၊ မနက်ပိုင်းမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝသလိုဖြစ်တာတွေ တွေ့ရတတ်ပါတယ်။

 

ဒါကို ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ့်မှာ အိပ်ပျော်နေစဉ် အသက်ရှူကြပ်တဲ့ ရောဂါရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ မေးရိုးကို ထိန်းညှိပေးနိုင်မယ့် ကိရိယာကို ဆရာဝန်ရဲ့ အကူအညီနဲ့ တပ်ပြီးအိပ်လို့ရပါတယ်။

 

၃။ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ ဓာတ်မတည့်ခြင်း

 

ရုတ်တရက်ပူရာကနေ အေးသွားတဲ့အခါမျိုးဆို ခန္ဓာကိုယ်က ဒီအပူချိန်အပြောင်းအလဲကို လက်မခံနိုင်တာ၊ ပတ်ဝန်းကျင်က အရာတော်တော်များများက ကိုယ်ခံအားစနစ်ကို ထိတွေ့မိပြီး ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လေထဲမှာပါတဲ့ ဖုန်မှုန့်တွေ၊ မှိုနံ့တွေ၊ ပန်းဝတ်မှုတွေကို ရှူရှိုက်မိတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အခါ နှာခေါင်းပိတ်၊ နှာရည်ယိုတာ၊ နှာချေတာ၊ မျက်လုံး၊ ခံတွင်း၊ အရေပြားယားယံတာ၊ ချောင်းဆိုးတာတွေ ဖြစ်နိုင်ပါတယ်။

 

ဒီလိုမဖြစ်ရအောင် ကာကွယ်ဖို့ လူသိပ်များတဲ့နေရာဒေသတွေကို မကြာခဏ သွားလာတာရှောင်ပေးပါ။ ဖုန်ထူထပ်တဲ့နေရာတွေ သွားရရင် နှာခေါင်းစည်းတပ်သွားပါ။ အိမ်ခန်း၊ ပတ်ဝန်းကျင်ကို အမြဲဖုန်ခါပြီး သန့်ရှင်းရေးလုပ်ပါ။ အဝတ်အစားတွေ မှိုမစွဲစေဖို့ ဂရုစိုက်ပါ။ ဓာတ်မတည့်လက္ခဏာကို သက်သာစေတဲ့ ဆေးတွေကိုလည်း မှီဝဲလို့ရပါတယ်။

 

၄။ အအေးမိခြင်း

 

ဗိုင်းရပ်စ်ကြောင်းဖြစ်တဲ့ အအေးမိခြင်းဟာ ရာသီမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ အအေးမိနေတဲ့အချိန်မှာတော့ နှာရည်ယိုတာ၊ နှာချေ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တာ၊ မျက်ရည်ယိုတာ၊ လည်ချောင်းခြောက်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။

 

အအေးမိပြီဆိုရင် အိမ်မှာပဲ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။ အပူအစပ်၊ အမာစာ (ထမင်း) ရှောင်ပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် များများသောက်ပေးပါ။ အိပ်ချိန်ကို ပိုယူပါ။ ပါးစပ်ကို ဆားငန်ရည် သို့မဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကို အစာတစ်ခုခုစားပြီးတိုင်း နာရီခြားပြီး သောက်ပေးပါ။

 

၅။ လည်ချောင်းနာတာ

 

ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် လည်ချောင်းနာနေတဲ့အခါမျိုးမှာလည်း ခံတွင်းက ခြောက်ပြီး ယားယံနေတတ်ပါတယ်။ အထူးသဖြင့် အာသီးနဲ့ လည်ချောင်းပတ်ပတ်လည်က နီရဲနေမယ်၊ သွားဖုံးမှာ အဖြူရောင်အနာကွက်တွေ ဖြစ်မယ်၊ အဖျားတက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ပျို့အန်ပြီး အစာစားချင်စိတ်ပျက်နေတတ်ပါတယ်။

 

ဒီလိုမျိုး မကြာခဏဖြစ်တတ်တဲ့သူဆိုရင် မပေါ့ပါနဲ့။ သွားနဲ့ ခံတွင်းဆရာဝန်နဲ့ သေချာသွားပြပြီး ကုသမှုခံယူပါ။ ဘက်တီးရီးယားပိုးသေစေဖို့ ပေးလိုက်တဲ့ antibiotics တွေကို သေချာသောက်ပါ။ လည်ချောင်းကို ဆားငန်ရည်နွေးနွေးနဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ အပူအစပ်၊ အကြော်အလှော်တွေကို ရှောင်ပေးပါ။

 

ခံတွင်းကခြောက်ပြီး ယားသလိုဖြစ်နေတာဟာ များသောအားဖြင့် ရာသီအကူးအပြောင်းကာလတွေနဲ့ ရေသောက်နည်းတာ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာရခြင်းကြောင့် ဖြစ်တတ်တဲ့ အသေးစားပြဿနာပါ။ သိပ်ပြီးစိုးရိမ်စရာမလိုဘူးဆိုပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

 


ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”