လမ်းတံတား၊ ရေမြောင်းနှင့် ရေပေးရေးလုပ်ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် သန်းတစ်သောင်းကျော် အသုံးပြုထား

မကွေး  ၃၁  ဇူလိုင်

မကွေးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၂၀၁၀-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတား၊ ရေမြောင်း နှင့် ရေပေးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း တစ်သောင်းကျော် အသုံးပြုဆောင်ရွက် နိုင်ခဲ့ကြောင်း မကွေးတိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း ထံမှ သိရသည်။

 

ဘဏ္ဍာရေးနှစ်အတွင်း လမ်းအရှည် (၆၃ မိုင် ၇ ဒသမ ၃၈ ဖာလုံ) အတွက် ငွေကျပ် (၆၂၀၈ ဒသမ ၅၇၀)သန်း၊ တံတား/ရေ မြောင်း (၄၃၇)စင်းအတွက် ငွေကျပ် (၃၃၅၂ ဒသမ ၈၆၅) သန်း၊ ရေပေးရေးလုပ်ငန်း ၁၀၂ ခုအတွက် ငွေကျပ် (၉၁၅ ဒသမ ၂၃၁) သန်း အသုံးပြု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

“လုပ်ငန်းတွေလုပ်တဲ့အခါမှာ မူလလျာထားတဲ့ လုပ်ငန်းအတိုင်းအတာ ပြည့်မီမှန်ကန်မှု ရှိ၊ မရှိ၊ လုပ်ငန်းသုံး ပစ္စည်းတွေရဲ့ အရည်အသွေး ကောင်း၊ မကောင်း စစ်ပါတယ်။ မကောင်းရင် ပစ္စည်းတွေ ပြန်လဲခိုင်းပါတယ်။ မြောင်းတူးတယ်ဆိုရင် သတ်မှတ်တဲ့ အနက်ပေ ရှိ၊ မရှိ၊ တံတားလုပ်တယ်ဆိုရင်လည်း ကွန်ကရစ်မလောင်းခင် သတ်မှတ်တဲ့ သံစီသံကွေး ဆိုဒ်တွေ မှန်၊ မမှန် ဒါတွေကို လုပ်ငန်းစဉ်အဆင့်တိုင်းမှာ စည်ပင်သာယာရေး ကော်မတီတွေက ကြီးကြပ်ပါတယ်။ စည်ပင်ဝန်ကြီးကိုယ်တိုင် စစ်တာတွေလည်း ရှိပါတယ်” ဟု မကွေးတိုင်းစည်ပင်ညွှန်မှူး ဦးထင်အောင် က ရှင်းပြသည်။

 

လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင် စည်ပင်တာဝန်ခံများက စံချိန်စံညွှန်းနှင့် ညီ၊ မညီ၊ ပြည်သူအတွက် တစ်ကယ်အကျိုးရှိ၊ မရှိ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း၊ လုပ်ငန်းစတင်ကတည်းက လုပ်ငန်းအမျိုးအစား၊ အတိုင်းအတာ၊ လုပ်ငန်းသုံးပစ္စည်းနှင့် အရေအတွက်၊ လုပ်ငန်းစတင်ချိန်နှင့် ပြီးစီးမည့်ကာလ၊ တာဝန်ခံဆောင်ရွက်မည့် ဝန်ထမ်းနှင့်တင်ဒါအောင်အဖွဲ့အစည်းများကို အများပြည်သူသို့ ချပြရှင်းလင်းခြင်းများ လုပ်ဆောင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေစာရင်းခေါင်းစဉ်တစ်ခုဖြစ်သည့် အထွေထွေပိုလျှံငွေ (၂၉၉၂ ဒသမ ၇၈၅)သန်းဖြင့် တိုင်းအတွင်းမြို့နယ်များတွင် လမ်း၊ တံတား၊ ရေမြောင်း၊ ရေပေးရေးနှင့် ဈေး စသည့် လုပ်ငန်း ပေါင်း(၂၂၄)ခု ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

 

စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် (၂၁၀၂၃ ဒသမ ၇၉၈ သန်း) အသုံးပြု၍ လမ်းအရှည် (၂၉၁ မိုင် ၇ ဒသမ ၃၁ ဖာလုံ)၊ ငွေကျပ်(၁၁၈၃၂ ဒသမ ၅၁၄ သန်း) အသုံးပြု၍ တံတား /ရေမြောင်း (၁၆၇၉)ခု၊ ငွေကျပ် (၃၇၀၀ ဒသမ ၁၇၄ သန်း) အသုံးပြု၍ ရေပေးရေးလုပ်ငန်း (၅၉၆)ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ စုစုပေါင်း ဘဏ္ဍာငွေကျပ် ၃၆၅၅၆ ဒသမ ၄၈၆ သန်း အသုံးပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)