လမ်းမတော်မြို့နယ်ရှိ ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် မီးလောင်

ရန်ကုန်  ၁   ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံတွင်၊ ယနေ့ညနေ ၅ နာရီ ၂၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ သတင်းရရှိသဖြင့် မီးလောင်ရာသို့ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ညနေ ၅ နာရီ ၃၃ မိနစ်အချိန်တွင် စတင်ထွက်ခွာ မီးငြိမ်းသတ်ခဲ့သည်။

 

အဆိုပါမီးလောင်ရာသို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဍထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးလောင်ရာသို့ သွားရောက်၍ မီးငြှိမ်းသတ်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြသည်။

 

ဆက်လက်၍ ညနေ ၅ နာရီ ၃၆ မိနစ်အချိန်တွင် ဆေးရုံရှိလူနာများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ပြီး ညနေ ၅ နာရီ ၄၂ မိနစ် အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)