လမ်းဘေးတွင်ရပ်ထားသော ၂၂ ဘီးတွဲယာဉ်ကို နောက်မှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ

ညောင်လေးပင်   ၉   မေ


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြောက်ဘက်အထွက် သရက်ကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၈၇/ဝ နှင့် ၈၇/၁ အကြားတွင် မေလ ၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးတွင် ရပ်ထားသော ၂၂ ဘီးတွဲယာဉ်အား အရှိန်နှင့် မောင်းလာသော ဆိုင်ကယ်မှ ဝင်တိုက်ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး၍ နောက်မှလိုက်ပါစီးနင်းသူ အမျိုးသားနှစ်ဦး အတွင်းလူနာအဖြစ် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မင်းမင်းဌေး မောင်းနှင်ပြီး နောက်တွင် ကိုဇော် နှင့်ဖြိုးဝေကျော် တို့ စီးနင်းလိုက်ပါလာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်တွင် ရပ်ထားသော ယာဉ်မောင်း ဦးမျိုးကြည်၏ အဖြူရောင်နောက်တွဲ (၂၂)ဘီးယာဉ်အား နောက်မှဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ မင်းမင်းဌေးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကိုဇော် နှင့် ဖြိုးဝေကျော်တို့တွင် ဝဲမျက်လုံးဖူးရောင် ဒဏ်ရာများ အတွင်းလူနာ(စိုးရိမ်ရ)တို့ ရရှိခဲ့သည်။


သို့ပါ၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းမင်းဌေးအား ညောင်လေးပင်မြို့မ ရဲစခန်းက အမူဖွင့်အရေးယူထားကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)