လမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်များမှ အပိုပစ္စည်းများဖြုတ်၍ ခိုးယူသည်ဟု ယူဆရသည့် မသင်္ကာဖွယ်ရှိသူ အမျိုးသားတစ်ဦးအား အရေးယူ

မန္တလေး ၃  ဖေဖော်ဝါရီ 

မန္တလေးမြို့၌ ညအချိန်လမ်းဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များမှ အပိုပစ္စည်းများအား ဖြုတ်၍ ခိုးယူသည်ဟု ယူဆရသည့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို မော်တော်ယာဉ်ဘက်မှန်များ၊ မီးခွက်များနှင့် ပစ္စည်းဖြုတ်ယူရာတွင် အသုံးပြုသည့် ကိရိယာများနှင့်အတူ အမှတ်(၈)မြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အမှတ်(၈)မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းမင်းသက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၄နာရီခွဲခန့်က ၂၉လမ်း၊ ၈၁×၈၂ လမ်းကြားတွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို အိတ်တစ်လုံး၊ စက်ဘီးတစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။

 အဆိုပါအမျိုးသားသည် အောင်ရဲကျော်(ခ)ဖိုးသား၊ ရွှေနှင်းဆီရပ်၊ အောင်မြေသာစံမြို့နယ်နေသူ ဖြစ်ကြောင်း သိရှိရပြီး ၎င်းကိုင်ဆောင်ထားသော ပီနံအိတ်အဝါရောင်အတွင်းမှ မော်တော်ယာဉ် ဘက်မှန် အသေး(၂)ခု၊ မော်တော်ယာဉ် ရှေ့မီးခွက်ကာဗာအသေး(၂)ခု၊ မော်တော်ယာဉ် ရှေ့မှန် ရေကာအသေး(၂)ခု တို့နှင့်ပစ္စည်းဖြုတ်ယူရာတွင် အသုံးပြုသည့် ကိရိယာများတွေ့ရှိရကြောင်း၊ ယင်းပစ္စည်းများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသည့်အပြင် လမ်းဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များမှ ဖြုတ်၍ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရှိသဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

တင်မောင်(မန်းကိုယ်ပွား)