လမ်းအမှားကို လျှောက်မိပါက နစ်နာဆုံးရှုံးမှုကြီးမားနိုင်

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူငယ်လူရွယ်များ တရားဝင်မှတ်ပုံတင် ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့်သာ တရားဝင် သွားရောက်ကြရန် အသိပညာပေးမှုများ၊ နှိုးဆော်သတိပေးမှုများ ရှိနေသော်လည်း တရားမဝင် သွားရောက်မှုများ ရှိနေဆဲဖြစ်ကြောင်း သတင်းများတွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာသည့်အခါတွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခြင်း၊ သတင်းတု သတင်းမှားများ၊ ကောလာဟလများကို နားယောင်ခြင်း စသည့်အကြောင်းများကြောင့် လူငယ်လူရွယ် များအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ မြင့်တက်လာခဲ့ရာ တရားမဝင်သွားရောက်မှုများလည်း ရှိနေသည်ဟုဆိုသည်။

 

ရန်ကုန်မှ သတင်းတစ်ပုဒ်အရ စက်မှုဇုန်လုပ်သားများကို ပစ်မှတ်ထားကာ ပြည်ပသို့ တရားမဝင် သွားရောက်လုပ်ကိုင်ရန် ခေါ်ယူမှုများရှိကြောင်း၊ လူငယ်များကြည့်ရှုမှုများသည့် လူမှုကွန်ရက်မီဒီယာမှ တစ်ဆင့် စည်းရုံး၍ အလုပ်ခေါ်မှုကြောင့် စက်ရုံလုပ်သားအဖြစ်မှထွက်ကာ တရားမဝင်သွားရောက် အလုပ်လုပ်ခြင်းဖြစ်ကြောင်းနှင့် တရားမဝင်သွားရောက်မှုကြောင့် ပြည်ပတွင် ဒုက္ခရောက်နေသူများ ရှိနေကြောင်း သိရသည်။ လက်ရှိအလုပ်အကိုင်ရှိပါလျက်နှင့် ယင်းအလုပ်မှထွက်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တစ်ဖက်နိုင်ငံမှ လုပ်ခလစာဆွဲဆောင်မှု၊ မိမိပြည်တွင်းတွင် အခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်နေမှု စသည့်အကြောင်း တရားများကို အခြေခံခြင်း ဖြစ်ဖွယ်ရှိသည်။ မည်သည့်အကြောင်းကြောင့် သွားရောက်သည်ဖြစ်စေ ပြည်ပသို့ရွှေ့ပြောင်း အလုပ်သမားအဖြစ် သွားရောက်ရာတွင် တရားဝင်လမ်းကြောင်းမှသာ သွားရောက်ကြရန် တိုက်တွန်း လိုသည်။

 

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာသက်ဝင်လာပြီးနောက် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ရှောင်ရှားလိုသော မြန်မာလူငယ်များထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းလာနေကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေကိုအကြောင်းပြု၍ ထိုင်းသို့ဝင်ရောက်ကြရာတွင် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက် လာမည့် မြန်မာနိုင်ငံသားများလည်း ပိုမိုများပြားလာဖွယ်ရှိကြောင်း ထိုင်းတာဝန်ရှိသူများဘက်ကလည်း ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်မည့် မြန်မာနိုင်ငံသားများကို ကြိုဆိုသွားမည်ဖြစ်သော်လည်း တရားမဝင်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား များကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားထားပြီး ထိုင်းလုံခြုံရေးအေဂျင်စီများနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ တရားမဝင်ဝင်ရောက်လာမည့်သူများကို အထူးတလည် စောင့်ကြည့်စစ်ဆေးအရေးယူသွားမည့်အခြေအနေတွင် ရှိနေမည်ဖြစ်သည်။

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရားမဝင်နည်းလမ်းများဖြင့် သွားရောက် ကြသူများမှာ ပွဲစားများ၏ လိမ်လည်ခြင်းကိုခံရခြင်း၊ ခိုးဝင်မှုကြောင့်ဖမ်းဆီးခံရခြင်း၊ လုပ်ခလစာနှင့် အခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ လူကုန်ကူးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ဥပဒေ၏ အကာအကွယ်ကိုမရရှိခြင်း စသည်ဖြင့် ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့ရလေ့ရှိသည်။ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုခြင်းကြောင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်သွားရောက်ရန် ကြိုးပမ်းလျှင်မူ နှစ်နိုင်ငံစလုံးမှ ဥပဒေများနှင့်ငြိစွန်းပြီး အမှားကြီးသွားမည်ဖြစ်သည်။ မိမိတို့၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေး အတွက်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရားဝင်ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများနှင့်ဆက်သွယ်၍ တရားဝင်နည်းလမ်းဖြင့် သွားရောက်ခြင်း သည်သာ အန္တရာယ်ကင်းရှင်းပြီး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်ကို အမြဲမပြတ်သတိချပ်ကြရန် လိုသည်။

 

လူငယ်လူရွယ်များအသုံးများသည့် လူမှုကွန်ရက်မီဒီယာများမှ တရားမဝင်စည်းရုံးခြင်း၊ သတင်းမှား ကောလာဟလများ ထုတ်လွှင့်ခြင်းတို့ကို မသမာသူတို့ပြုလုပ်နေကြခြင်း၏ ရည်ရွယ်ချက်မှာ တောခြောက်သလိုခြောက်လှန့်ထုတ်ပြီး ပြေးလာသူများထံမှ အမြတ်ထုတ် ကုပ်သွေးစုပ်နိုင်ကြရန် ဖြစ်သည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်းများရှိပါလျက် မသမာသူတို့ကိုယုံစားကာ လမ်းမှားကို လျှောက်မိပါက နစ်နာဆုံးရှုံးမှုကြီးမားနိုင်သည်ဟု သတိပေး နှိုးဆော်လိုက်ရပါကြောင်း။ ။

 

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)