လက်ဝှေ့ ကြိုးဝိုင်းအတွင်းမှာ သေဆုံးသွားတဲ့ လက်ဝှေ့သမား ကလေးငယ်အတွက် ထိုင်းလူထု ဒေါသထွက်နေ

၁၄ နိုဝင်ဘာ

 

အသက် ၁၃ နှစ်အရွယ် မွေထိုင်း လက်ဝှေ့သမားကလေးဟာ ကြိုးဝိုင်းအတွင်းမှာ သေဆုံးခဲ့တဲ့အတွက် ထိုင်းလူထုက ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။ ကလေးငယ်ချင်း လက်ဝှေ့ ကြိုးဝိုင်းအတွင်းမှာ လက်ဝှေ့ထိုးတာကို တားမြစ်ပေးဖို့ တောင်းဆိုမှုက ပြန်လည် လှုပ်ရှားလာပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ လူမှုအဖွဲ့အစည်းအတွက် ကုသိုလ်ဖြစ် လက်ဝှေ့ပွဲမှာ ပါဝင်စဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

 

 

ထိုင်းလက်ဝှေ့(မွေထိုင်း) ဟာ ထိုင်းနိုင်ငံမှာ အင်မတန် လူကြိုက်များပြီး လက်ဝှေ့သမားအများစုဟာ သူတို့ရဲ့ ကျော်ကြားမှုနဲ့ ငွေကြေးကို ရှာဖွေဖို့အတွက် ငယ်စဉ်ကတည်းက လက်ဝှေ့ကို စတင် လေ့ကျင့်လေ့ရှိပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့မိသားစုတွေက ကလေးငယ်များဟာ မိသားစုကို ဝင်ငွေရှာပေးနိုင်တဲ့ သူများအဖြစ် ရပ်တည်နိုင်တာကို တွေ့ရပါတယ်။ 

 

 

အခုသေဆုံးသွားတဲ့ ၁၃ နှစ်အရွယ် အာနူချာ တာစာကို ဟာ အသက် ၈ နှစ်ကတည်းက ကြိုးဝိုင်းထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၅၀ လောက် ထိုးဖူးတဲ့သူဖြစ်ပါတယ်။ 

 

အနူချာ တာစာကို နဲ့ ထိုးသတ်ခဲ့သူ ဟာလည်း အသက်၁၃ နှစ်လောက်သာ ရှိသေးတဲ့ နီတီခွန် စွန်ဒီး ဖြစ်ပါတယ်။ သူက အနူချာ သေဆုံးတဲ့အတွက် ဝမ်းနည်းတယ်။ နောင်တရတယ်။ ဒါပေမယ့် သူအနိုင်ရဖို့အတွက် တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါမှလည်း သူ့ကျောင်းစရိတ်ကို ရနိုင်မှာ ဖြစ်ပါတယ် လို့  သူ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။ 

 

 

ထိုင်းနိုင်ငံမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို လက်ဝှေ့ကြိုးဝိုင်းထဲ မသွင်းဖို့ ဥပဒေအရ တားမြစ်ပေးဖို့ ကြိုးစားနေတာဟာ အာနူချာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အောင်မြင်ဖို့ အလားလာရှိနေပါတယ်။ 

 

 

အဲဒီဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့သူကတော့ အသက် ၅၉ နှစ်အရွယ် ထိုင်းအိုလံပစ် ဆုတံဆိပ်ရှင် တဝီ အမ်ဖွန်မဟာ ဖြစ်ပါတယ်။ တဝီက အသက် ၁၂ နှစ်အောက် ကလေးတွေကို လက်ဝှေ့သမား မဖြစ်ရဖူးဆိုတာ လက်မခံကြောင်း ထိုင်းနိုင်ငံက နာမယ်ကြီး လက်ဝှေ့သမားတွေနဲ့ အိုလံပစ်ဆုတံဆိပ်ရှင် ၉၉ ရာခိုင်နှုန်းဟာ ငယ်စဉ်ကတည်းက လက်ဝှေ့ကစားခဲ့ကြတဲ့သူတွေဖြစ်တယ်။ သူကိုယ်တိုင်လည်း အသက် ၁၂ နှစ်မှာ စတင်ပြီး ပွဲပေါင်း ၂၀ဝ ကျော် ထိုးခဲ့တယ်။ ဒီနေရာမှ အရေးကြီးတာက ဘေးအန္တရာယ်ကင်းရေးပါ။ အဲဒီအတွက် ကွင်းထဲမှာ ဆရာဝန်တွေ ထားဖို့လိုတယ် လို့ AFP ကို ပြောပါတယ်။ 

 

MDN
ကိုးကား- AFP