လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို)များ (၅၁)

ကြည်လွင်မြင့် (မုဒြာ)

 

ဆရာကြီးရှင့် ကျွန်မအသက်က ၃၇ နှစ်ပါ။ ရုတ်တရက် ပြင်းထန်တဲ့ အသံတစ်ခုခု ကြားလိုက်ရင် ခေါင်းက တစ်ခါတည်း ထိုးကိုက်လာတယ်။ ခေါင်းကိုက်ပြီးရင် သိပ်မကြာပါ နှာခေါင်းသွေး လျှံတက်လာပါတယ်။ အခုဆို ရက်ခြားလောက် ဖြစ်နေပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ တိုင်းရင်းဆေးပါ စုံနေပါပြီ၊ ကောင်းကောင်း မသက်သာပါ။ သွေးပေါင်လည်း ကျပါတယ်ရှင့်။ သက်သာနိုင်မယ့် ဆေးနည်းလေး လမ်းညွှန်ပေးပါရှင့်။

 

မြင်းခွာရွက် အရည်ညှစ် ငါးဇွန်းကို ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ ခေါင်းကိုက်ရင် ချင်းပါးပါးလှီးပြီး နားထင်နှစ်ဖက်မှာ ကပ်ထားပါ။ နားနောက်က ချိုင့်လေးထဲ ရေခဲကပ်ပေးရင် နှာခေါင်းသွေးလျှံ ရပ်ပါတယ်။ သွေးပေါင်
ကျရင် ညအိပ်ခါနီး နွားနို့ပူပူတစ်ခွက်မှာ နနွင်းမှုန့် ကော်ဖီဇွန်းသေး တစ်ဇွန်း ထည့်ဖျော်သောက်ကြည့်ပါ။

 

ဆရာရှင့် သမီးဖြစ်နေတာလေး တစ်ခုလောက် မေးပါရစေ။ မိန်းကလေးတွေ ဓမ္မတာ အကြာကြီးလာရင် ဘယ်လိုလုပ်ရမလဲရှင့်။

 

မာလကာရွက် ငါးရွက်၊ ကွမ်းသီးတစ်ခြမ်း ရေနွေးမတ်ခွက် တစ်လုံးစာနဲ့ ပြုတ်သောက်ပါ။ ပူစပ်ချဉ် စားတာရှောင်ပါ။ ညောင်ဖူး ဒါမှမဟုတ် ညောင်ချဉ်ဖူး၊ သင်္ဘောဖိုပွင့်ပြုတ်ပြီး သုပ်စားရင်လည်း သွေးဆင်းတာကို ထိန်းစေပါတယ်။ မင်းကွတ်သီး အခွံကို သွေးပြီး ဆားနဲ့ရောစပ် သောက်ရင်လည်းသွေးဆင်း သက်သာစေပါတယ်။

 

ဆရာ မင်္ဂလာပါရှင့်။ သမီးအရပ် ငါးပေတစ်လက်မနဲ့ အသက် ၂ဝ ပါ။ ပေါင် ၉ဝ ပဲ ရှိလို့ပါ။ ခန္ဓာကိုယ်လေး ပြည့်ဖြိုးချင်တာ ဘယ်လို ပြုမူနေထိုင် စားသောက်ရမလဲရှင့်။

 

နွားနို့ ၅ဝ ကျပ်သား ကျက်အောင်ကျိုပြီး မနက် တစ်ဖန်ခွက်၊ ည တစ်ဖန်ခွက် နေ့စဉ်သောက်ပါ။ ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီး တစ်လုံး စားပါ။ ကုလားပဲ၊ မတ်ပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ တစ်မျိုးမျိုးကို နေ့စဉ်စားပေးပါ။ ထိုက်သင့်တဲ့ အားကစားနည်း တစ်မျိုးမျိုး နေ့စဉ် ကစားပေးဖို့လည်း လိုအပ်ပါတယ်။ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်ဖို့လည်း ဂရုစိုက်သင့်ပါတယ်။

 

မွေးကင်းစ ၁၇ ရက်သားလေး လေနဲ့ဝမ်းမကွဲတာ ဆေးနည်းလေး ပြောပေးပါ ဆရာ။

 

မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီ ငါးကျပ်သားမှာ ကွမ်းရွက်သုံးရွက်ထည့်ပြီး ကြော်လိုက်ပါ။ အဲဒီဆီကို မွေးကင်းစကလေး ချက်တိုင်မှာ လက်ယာရစ် ပတ်လိမ်း ပေးပါ။ မိခင်နို့ မသန့်လို့၊ နို့ချဉ်လို့ ဖြစ်တတ်ပါတယ်။ မိခင်ကို ရဲယိုရွက်၊ ဥသျှစ်ရွက်၊ ပုဇွန်ခြောက်နဲ့ ဟင်းချိုချက်တိုက်ပါ။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော် အိမ်သာတက်တိုင်း သွေးပါနေလို့ပါ။ နှစ်အနည်းငယ် ကြာခဲ့သလို စားသုံးနေတဲ့ ဆေးလည်း စုံပါပြီဆရာ။ ဘာဆေးသုံးရမလဲ ဆရာ။

 

အတွင်းလိပ်ခေါင်း ရောဂါမှာ ဝမ်းသွားတိုင်း သွေးပါရင် ပန်းလဲပွင့် (ပရဆေးဆိုင်ဝယ်)ကို လက်ဖက်ခြောက်လို ရေနွေးမတ်ခွက်မှာ ထည့်အုပ်ထားပြီး အအေးခံ သောက်ပါ။ သကြားနဲ့ရေ ကျိုသောက်ရင်လည်းရတယ်။ ပန်းလဲပွင့် မရရင် စံပယ်ပန်းပွင့် ခြောက်ကိုလည်း သောက်နိုင်တယ်။ အပူ၊ အစပ်၊ ကောက်ညှင်းစတဲ့ ဝမ်းချုပ်ပြီး ညှစ်ရမယ့် အစာတွေရှောင်ပါ။ သင်္ဘောသီး၊ ငှက်ပျောသီးမှည့်တွေ နေ့စဉ်စားပါ။

 

မင်္ဂလာပါ ဆရာရှင့်။ ကျွန်မကလေး အသက်က နှစ်လခွဲပါ။ သားသားက ခေါင်းထောင်ချင်တော့ အောက်ငုံ့တိုင်း သွားရည်ကျနေပါတယ်။ ကလေးတိုင်း ဖြစ်တတ်ပါသလား။ ဝမ်းမသွားတာ သုံးရက်ရှိပြီ။ ဘာလုပ်ပေးရမလဲရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

 

သူငယ်နာ သွားရည် ကျက ကလေးအသက် ခုနစ်လသားထိ ဖြစ် တတ်ပါတယ်။ စိတ်မပူပါနဲ့ ခုနစ်လကျော်မှ သွားရည်ကျရင် တိုင်းရင်းဆေးအမှတ် (၄၇) သူငယ်နာ ခုနစ်ပါးဆေးဝါးလေးကို လျှာမှာတို့ပေးရင် ပျောက်ပါတယ်။ ကလေးဝမ်းချုပ်ရင် မုန်ညင်းဆီ မီးနွှေး ချက်တိုင်ကို လက်ယာရစ်ပတ်ပြီး လိမ်းပေးပါ။ ကွမ်းရိုးကို အုန်းဆီတို့ပြီး ကလေးစအိုပေါက်ထဲ ထည့်ကလိပေးပါ။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော့ဇနီး အသက်က ၅၂ နှစ် ရှိပါပြီ။ တစ်ကိုယ်လုံး ယားလို့ အင်္ဂလိပ်ဆေး သောက်တာ တစ်နှစ်ကျော်ပါပြီ။ သောက်တုန်း သက်သာပြီး ဆေးဖြတ်လိုက်တာနဲ့ ပြန်ယားလာပါတယ်။ မသက်သာပါ။ တိုင်းရင်းဆေးဖြစ်တဲ့ ယားနာ ပျောက်ဆေးတွေကို လူးချင်၊ သောက်ချင်ပါတယ် ဆရာ။ လမ်းညွှန်ပေးပါ ဆရာ။

 

တမာရွက်ပြုတ်နဲ့ နေ့စဉ်ရေချိုးပေးရင် သွေးယား ရောဂါ ပျောက်တတ်ပါတယ်။ တမာရွက်အရင့် များများခူးပြီး သောက်ရေအိုးလို မြေအိုးနဲ့ပြုတ်ပါ။ တမာရွက် အာနိသင် ပိုဖြစ်အောင် ဆားအနည်းငယ် ထည့်ပြီး ပြုတ်ပါ။ တမာရွက်ခြောက်ကို အမှုန့်ပြုလုပ်ပြီး သနပ်ခါးနဲ့ ရောလိမ်းလည်း ရပါတယ်။ ရှောက်ရွက်ကို နေ့စဉ် အတို့အမြှုပ်လုပ်စားရင်လည်း သွေးယားရောဂါ သက်သာပါတယ်။

 

ဆရာရှင့် အဖြူဆင်းရင် ပျောက်ကင်းအောင် ဘယ်လို လုပ်ရမလဲရှင့်။

 

အဖြူဆင်းရင် ပူစပ်ချဉ် အရသာရှိတဲ့ အစာတွေ ရှောင်စားပါ။ ခြေလေးချောင်းသား၊ နီတဲ့အသားတွေ ရှောင်ပါ။ အသီးအရွက်တွေနဲ့ ငါးများများစားပါ။ မီးကွင်းဂမုန်းရွက်ကို အသုပ်ပြုလုပ်စားပါ။ ပေါက်ပန်းဖြူပွင့်ကို အတို့အမြှုပ် လုပ်စားပါ။ ရှားစောင်းလက်ပပ်ကို ဟင်းချို ချက်သောက်ပါ။ ဆန်ဆေးရည် တစ်ဖန် ခွက်ကို မနက်ရေ မချိုးခင် သောက်ပေးပါ။ အတွင်းခံ အဝတ်အထည်တွေကို အေးတဲ့ချည်ထည်တွေပဲ ဝတ်ဆင်ပါ။ ကျောက်ချဉ် တစ်ခဲကို ရေစိမ်ပြီး အသုံးပြုပါက အဖြူဆင်း သက်သာ စေနိုင်ပါတယ်။

 

ဆရာခင်ဗျာ။ ကျွန်တော့ကျောပြင်မှာ ဝက်ခြံလိုလို၊ မိတ်လိုလို အဖုလေးတွေ ပေါက်နေတာ ခြောက်လ လောက်ရှိပါပြီ။ မသိရင် ဝဲခြောက်တွေ ပေါက်သလိုပါပဲ။ ဘယ်လိုလုပ်ရမလဲဆရာ ခင်ဗျာ။

 

ခရေပွင့်ခြောက်ကို သနပ်ခါးနဲ့စပ်လိမ်းပါ။ တမာရွက် ပြုတ်ရည်နဲ့ ရေချိုးပါ။ တမာရွက်ခြောက် အမှုန့်ပြုလုပ်ပြီး သနပ်ခါးနဲ့ စပ်လိမ်းရင် သက်သာ စေတယ်။

 

ဆရာရှင့် သမီးလေး အသက်က သုံးနှစ်ခွဲပါ။ တခြား ကလေးတွေ ထက်ပိုပြီး ခေါင်းချွေးတအား ထွက်ပါတယ်။ ပြီးတော့ နှာပိတ်တော့တာပါပဲ။ သက်သာအောင် ဆေးနည်းလေး လမ်းညွှန်ပေးပါ ဆရာ။

 

ပန်ကာလေ၊ အဲကွန်းလေကြောင့် အပူငုပ်သွားတဲ့ ကလေးတွေမှာ ငယ်ထိပ်က ငုပ်တဲ့အပူ ခြေဖဝါးက ထွက်သွားရင် ခေါင်းချွေးထွက် သက်သာစေနိုင်ပါတယ်။ ကလေးခြေဖဝါး ဆားပွတ် ရေဖတ်တိုက်ပေးပါ။ ခြေဖဝါးက အပူတွေထွက်ရင် နှာစေး၊ နှာပိတ်လည်း သက်သာပါတယ်။ ခြေဖဝါး နုသေးလို့ ဆားပွတ်မခံနိုင်ရင် ခြေဖဝါးကို ဆားရည်မှာ စိမ်ပြီး ပွတ်ပေးပါ။ နှာစေး သက်သာအောင် ကွမ်းရွက်မီးကင်ပြီး အရည်ညှစ် အုန်းဆီနဲ့ရော ငယ်ထိပ်လိမ်းပေးပါ။

 

ဆရာရှင့် ဆံပင်တအားကျွတ်ပြီး ဦးရေပြား တအားယားပါတယ်ရှင့်။ အဲဒီလိုဖြစ်တာ ခြောက်လလောက်ရှိပါပြီ။ ဆေးသောက်လို့ ရပါသလား ဆရာ။ ဦးရေပြားကို တစ်ခုခု လိမ်းရမှာလား။ ဆေးနည်းလေး လမ်းညွှန်ပေးပါရှင့်။

 

မန်ကျည်းမှည့် အနှစ်ကို ပျားရည်တစ်ဇွန်း ရောနယ်ပြီး ဦးရေပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပါ။ ခဏကြာရင် ခေါင်းလျှော်ပစ်ပါ။ ကေသာဆံနက် ထောလပတ်ရွက်လို့ ရှေးစကားရှိတာမို့ ထောလပတ်ရွက်ကို အရည်ညှစ်ပြီး ဦးခေါင်းကို လိမ်းနိုင်ပါတယ်။

 

ဆရာခင်ဗျာ။ လက်မောင်းမှာ ကြာဆူးတွေ ပေါက်နေလို့ပါ။ ဘယ်လို ကုသရပါမလဲ ခင်ဗျာ။

 

သံပရာသီးခြမ်းနဲ့ ပွတ်ပါ။ တမာရွက် ပြုတ်ရည်နဲ့ ရေချိုးပါ။ တမာရွက်ခြောက် အမှုန့်ကို သနပ်ခါးနဲ့ စပ်လိမ်းပါ။ ချဉ်စော်ကားသီး ထောင်းစားပေးရင်လည်း ကြာဆူး ပျောက်ပါတယ်။

 

ဆရာရှင့် ကျွန်မအသက်က ၃၃ နှစ်ပါ။ ဥတုသုံးမျိုးလုံး ခြေဖဝါးတွေ ကွဲနေပါတယ်။ မျက်စိကလည်း အားနည်းပါတယ်။ အသက် ၁၂ နှစ်လောက် ကတည်းက မျက်မှန် တပ်ရတာ အခုဆို ပါဝါ ၉ဝဝ တောင် ရှိပါပြီ။ မျက်စိ ပါဝါလည်း ကျအောင်၊ ခြေဖဝါးတွေလည်း မကွဲအောင် ဆေးနည်းလေး ပြောပြပေးပါ ဆရာရှင့်။

 

ခြေဖနောင့်ကွဲတာ ထောပတ်နဲ့ ပျားရည် ရောစပ်လိမ်းပါ။ တမာရွက်ပြုတ်ရည် စိမ်ပြီးမှ လိမ်းရင်လည်း ကောင်းပါတယ်။ မျက်စိပါဝါကျအောင် ကွမ်းရွက်ကို ပြားစေ့လောက်ဖဲ့ပြီး မျက်စိထောင့်မှာ ကပ်ပါ။ တိုင်းရင်းဆေး အမှတ် (၁၂) စက္ခုပါလဆေးကို ညအိပ်ရာဝင်မှာ တစ်မတ်သားလောက် ရေအေးနဲ့ စွဲစားပေးပါ။

 

ဆရာရှင့် အမျိုးသမီးတွေ နေ့ဘက် အိပ်စက်တာဟာ ဝနိုင်ခြေရှိပါသလား။

 

နေ့ဘက် အိပ်စက်တာကြောင့် အစာကြေပြီး အားဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝတဲ့သူကို ပိုပြီးဝစေနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ နေ့လယ် ထမင်းစားပြီး ခဏအိပ်စက်သင့်တယ်လို့ သိမ်ဖြူ ဆရာတော်ကြီးရဲ့ ဆေးကျမ်းတွေမှာ ဖတ်ရှုရပါတယ်။

 

ဆရာ ကျွန်တော် ဝမ်းသွားနေလို့ပါ။ ညနေက အစားလည်းစုံပြီး အခန့်မသင့်လို့ ထင်ပါတယ်။ ၁ဝ မိနစ် တစ်ခါ ဝမ်းသွားနေပါတယ်။ ဗိုက်ထဲမှာလည်း ဂလုဂလုမြည်နေ ပါတယ်။ ဆေးခန်းသွားဖို့ကလည်း ညအချိန်မတော် ဖြစ်နေလို့ ကူညီပါဦးဆရာ။

 

လက်ဖက်ခြောက် အဖန်ရည် ကျဲကျဲမှာ သကြားဟင်းစားဇွန်း သုံးဇွန်း၊ ဆားကော်ဖီဇွန်း တစ်ဇွန်း မတ်ခွက်တစ်လုံးမှာ ထည့်ဖျော် သောက်ပါ။ အအေးခံထားပြီး ဝမ်းတစ်ကြိမ်သွားပြီးတိုင်း သောက်ပါ။

 

ဆရာ ကျွန်တော့အဖေ လည်ချောင်းနာနေတာ တစ်လကျော်ပါပြီ။ ဆေးခန်းပြပြီး စစ်ဆေးကြည့်တော့ အစာရေမျိုပြွန်ရောင်တာ ကင်ဆာမဟုတ်ဘူးလို့တော့ ပြောပါတယ်။ သက်သာစေနိုင်မယ့် နည်းလမ်းရှိရင် ကူညီပေးပါဦး ဆရာ။

 

နလင်ကျော်နဲ့ ကရမက် နှစ်မျိုးရောသွေးပြီး လည်ပင်းမှာ လိမ်းပေးပါ။ ချင်းပါးပါးလှီးပြီး ရေနွေး မတ်ခွက်နဲ့ စိမ်ထားပါ။ မနက်အိပ်ရာထသောက်ပါ။ ပြည်ပန်းညို ရွက်ထောင်းပြီး အရည်ညှစ် အကြမ်းပန်းကန် တစ်လုံးစာမှာ ဆားလှော်အနည်းငယ် ထည့်သောက်ပါ။

 

ဆရာကြီးရှင့် ကျွန်မ ရင်ကျပ်ပြီး အသက်ရှူမဝပါဘူး။ နောက်ကျောတွေပါ တက်တတ်ပါတယ်။ အဲဒီလို မကြာခဏ ဖြစ်နေပါတယ်။ ကျွန်မ တာဝန်ကျတဲ့ နေရာက တောပိုင်းဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း ဝေးပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်းလေးညွှန်ကြားပေးပါ ဆရာ။

 

ဘုရားအိုးထိုးရင် အမြစ်တွေ ထွက်လာတဲ့ ဇော်ဂျီး တောင်ဝှေးပင် ဆိုတာရှာပါ။ တောင်ဝှေးလို ရိုးတံရှည်ထိပ်မှာ အနီနဲ့အစိမ်း ရောစပ်နေတဲ့ အရွက်တွေ ရှိပါတယ်။ အဲဒီအပင်ရဲ့ အရိုး၊ အရွက်တွေကို ပြုတ်သောက်ရင် ရင်ကျပ်ပန်းနာ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါ တယ်။ မှန်ရောင်သကြားခဲနဲ့ ရောပြုတ်ပြီး သောက်ရင် ပိုကောင်းပါတယ်။ တစ်နေ့ကို ပြုတ်ရည် မတ်ခွက်တစ်လုံးသောက်နိုင်ပါတယ်။

 

(တစ်နည်း) ချင်းတက်ကိုထောင်း အရည်ညှစ် နှစ် ဇွန်းကို ပျားရည်တစ်ဇွန်း ရောစပ် သောက်ရင်လည်း သက်သာနိုင်ပါတယ်။ ဆရာရှင့် ငါးမျက်စိ ခြေဖဝါးမှာ ပေါက်နေတာ ဘယ်လို လုပ်ရမလဲရှင့်။

 

ငှက်ပျောသီးအခွံ အနေတော်ညှပ် အသားဘက်ကထား ပလတ်စတာနဲ့ ကပ်ပါ။ ရေချိုးရင်လည်း အသစ်လဲကပ်ပါ။

 

မင်္ဂလာပါ ဆရာ။ သမီးနှာခေါင်းနားမှာ အစေ့သေး သေးလေးတွေ ဝက်ခြံ အဆီဖုလို့ ခေါ်မလား။ အများ ကြီး ပေါက်နေတယ်ဆရာ။ ဘာလုပ်ရမလဲ ကူညီပါဦး ဆရာ။ ကျေးဇူးတင်ပါတယ်။

 

မန်ကျည်းမှည့် အနှစ်နဲ့ ဆားခါးရောနယ် နှာခေါင်းမှာလိမ်းပါ။ ခဏကြာမှ မျက်နှာသစ်ပါ။ သြဇာသီးခြောက်သွေးလိမ်းရင်လည်း သက်သာပါတယ်။