လက်ရှိကုမ္ပဏီနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းမရှိတော့တဲ့ GFRIEND

တောင်ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ GFRIEND ဟာ အဖွဲ့နဲ့ ခြောက်နှစ်ခန့် လက်တွဲ လာခဲ့တဲ့ကုမ္ပဏီနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းမရှိဘဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကိုရီးယားဘိုး ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီအကြောင်းကို အဆိုပါတေးဂီတအဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တာဝန်ယူလုပ်ဆောင်ပေးနေတဲ့ Source Music က မေ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီရဲ့ ပြောကြားချက်အရ GFRIEND နဲ့ စာချုပ်ဟာ မေ ၂၂ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် လမ်းခွဲဖို့ရာ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ အေဂျင်စီနဲ့ လမ်းခွဲပြီးနောက် GFRIEND အနေနဲ့ အဖွဲ့ ဖျက်သိမ်ခြင်း ရှိ၊ မရှိကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ကနဦးထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ GFRIEND ဟာ အေဂျင်စီနဲ့ လမ်းခွဲပြီးနောက် အဖွဲ့ဝင်တွေ အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို သီးခြားစီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်