လက်ရွေးစင် ဖူဆယ်အသင်းများအတွက် နည်းပြသစ်များခန့်အပ်ရန် ဆောင်ရွက်နေ

 

၁၄  ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့ လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းအတွက် နည်းပြသစ်များခန့်အပ်ရန် ဆောင်ရွက်လျက် ရှိသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အမျိုးသားအသင်းကို နိုင်ငံခြားသားနည်းပြ၊ လက်ရွေးစင် အမျိုးသမီးအသင်းကို ပြည်တွင်းနည်းပြခန့်အပ်ရန် စီစဉ်ထားပြီး အမြန်ဆုံးခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ယခင်က လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းအတွက် နိုင်ငံခြားသားနည်းပြအဖြစ် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်ကိုခန့်အပ်ရန် သဘောတူညီမှုရထားသော်လည်း ၎င်းအနေဖြင့် အစောဆုံးဧပြီလမှသာ မြန်မာနိုင်ငံသို့ လာရောက်နိုင်မည်ဖြစ်သောကြောင့် နှစ်ဆန်းပိုင်းတွင်လေ့ကျင့်လိုသည့် မြန်မာအမျိုးသား ဖူဆယ်အသင်းအနေဖြင့် နည်းပြသစ်တစ်ဦး ရှာဖွေနေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းအတွက် နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန် ရှာဖွေလျက်ရှိပြီး အမျိုးသမီးလက်ရွေးစင်အသင်းကိုလည်း ပြည်တွင်းနည်းပြတစ်ဦး တာ၀န်ပေးသွား မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရခြင်း မရှိသေးဘဲ ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာမှ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းမှာမူ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ပြီးကတည်းက အသင်းဖွဲ့စည်းခြင်းမရှိတော့ဘဲ ယခုမှ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်သည်။

 

လာမည့်နှစ်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်းက အာဆီယံဖူဆယ်ပြိုင်ပွဲနှင့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်အသင်းက ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ