လက်ပံတန်းမြို့နယ်၌ ဘုရားဆင်းတုတော်နှင့် စိန်ဖူးတော်များ ခိုးယူသူအား ဖော်ထုတ်အရေးယူ

နေပြည်တော် ၂၇ ဇွန် 


     
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကျေးနီကျေးရွာတွင် ဇွန် ၂၅ ရက် ည ၇ နာရီက ကိုးနဝင်းစေတီတော်၊ အရံစေတီများနှင့် စေတီတံခွန်တိုင်တို့တွင် ပူဇော်ထားသော ဖန်စိန်ဖူးတော် ၃၀ လုံး (စုစုပေါင်းတန်ဖိုး ၇၀၅၀ဝ ကျပ်ခန့်)မှာ ပျောက်ဆုံးနေသဖြင့် ဂေါပက ဦးမင်းမင်းဟိန်းမှ တိုင်တန်း၍ လက်ပံတန်းမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

အမှုမှ တရားခံအား အမြန်ဖမ်းဆီးရမိရေး စုံစမ်ဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက် ည ၆ နာရီ မိနစ် ၂၀ တွင် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းပေါ်၌ ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ အောင်အောင်(ခ)သန်းထိုက် (၃၅)နှစ်အား ဖန်စိန်ဖူးတော်ဆိုဒ်စုံ ၇၆ လုံး၊ ရွှေရောင်သတ္တုဘောလုံး ၇ လုံး၊ ဉာဏ်တော် ၅ လက်မခန့် ရွှေရောင် ကျောက်ဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော် ၄ လက်မခွဲခန့် မဟာမြတ်မုနိပုံတော်ဖန်ဘုရား ၂ ဆူ၊ ဉာဏ်တော် ၂ လက်မခန့်ရှိ ရွှေရောင်ဖိုက်ဘာဆင်းတုတော် ၃ ဆူ၊ ဉာဏ်တော် ၁ လက်မခန့်ရှိ ဆင်းတုတော်နှင့် ဓါတ်တော်ပုံသဏ္ဍာန်များပါရှိသည့် ပလတ်စတစ်ဘူး ၃ ဘူး၊ ဉာဏ်တော် ၁ လက်မခန့်ရှိ ကျိုက်ထီးရိုးစေတီတော် ၂ ဆူ၊ စိတ်ပုတီး ၃ ကုံး၊ ရွှေ/ငွေရောင် သောက်တော်ရေဖလား ၇ ခွက်၊ ငွေရောင်ဖလား ၁ လုံး၊ စတီးဘုရားပန်းအိုး ၂ လုံး၊ ဘုရားမီးဆိုင်းကြိုးခွေ ၂ ခွေ၊ သင်္ကန်းခြုံစောင် ၁ ထည်၊ သစ်သားဓါးအိမ် ၁ ခု၊ ဓါးဦးချွန် ၁ ချောင်း၊ လုပ်ငန်းသုံး ဂွဆိုဒ်စုံ ၈ ချောင်း၊ ဝက်အူလှည့် ဆိုဒ်စုံ ၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။ 

 

MDN