လက်ဖဝါး ဘာလို့ယားတာလဲ

၂၃ ဒီဇင်ဘာ

လက်ဖဝါးယားတယ်ဆိုရင် ငွေဝင်တော့မယ်လို့ပြောကြတယ်။ လာဘ်ကောင်းတဲ့ နိမိတ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ ဒါလည်း ဟုတ်ရင်ဟုတ်နိုင်ပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ အကြောင်းရင်းတစ်ခုခုရှိနေတာ သေချာပါတယ်။

လက်ဖဝါးယားတယ်ဆိုတာ

အရေပြားမှာအဖြစ်များတဲ့ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ပိုပြင်းထန်တဲ့ ရောဂါအကြောင်းရင်းခံကို လက္ခဏာပြတာလည်းဖြစ်နေနိုင်ပါတယ်။

လက်ဖဝါး ဘာ့ကြောင့်ယားတာလဲ

လက်ဖဝါးယားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ယားနာ

လက်မှာ ဝဲဖြစ်ချင်သလိုလို ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားကခြောက်သွေ့လာနိုင်ပါတယ်။ ဖုလေးတွေပေါက်ပြီးရင် အရေပြားက ပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီး ခံစားနေရမှာ မဟုတ်ပါဘူး။


ဒီလိုမျိုးအဖြစ်များရတဲ့အကြောင်းရင်းက ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓာတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။

ဓာတ်မတည့်မှု

အလှလက်စွပ်နဲ့ တခြားလက်ဝတ်လက်စားတွေလိုမျိုး ဆီက သံသတ္တုနဲ့ ဓာတ်မတည့်ခြင်း၊ ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ ဓာတ်မတည့်မှုဖြစ်တတ်တာများပါတယ်။

ဆီးချိုရောဂါ

လူတစ်ယောက်မှာ ဆီးချိုရောဂါရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေဖြစ်လာတာတွေ ဖြစ်တတ်ပါတယ်။

အသည်းခြောက်ခြင်း

primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေ ဖြစ်လာစေနိုင်ပါတယ်။ PBCကြောင့် အသည်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့အစာအိမ်ကြားမှာ ရွေ့လျားနေတဲ့ သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ် ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါး အကွက်တွေဖြစ်တာ၊ မအီမသာဖြစ်တာ၊ အရိုးနာကျင်တာ၊ ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေ ရှိနိုင်ပါတယ်။

လက်ဖဝါးယားတယ်ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါးယားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာဆောင်းရာသီမို့ အသားခြောက်တာမျိုး။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

လက်အရေပြားမှာ နီမြန်း၊ ရောင်ရမ်းလာပြီး အရေခွံကွာလာတာ၊

အရေပြား အက်ကွဲလာတာ၊ သွေးစို့လာတာ၊

ရေကြည်ဖုလေးတွေ ဖြစ်လာပြီး ပေါက်ပြဲလာတာ၊

အနီကွက်တွေဖြစ်လာတာ၊

ရေယုန်ဖြစ်လာတာ၊

အရေပြားမှာလောင်တဲ့ပုံစံဖြစ်လာတာ

ဘယ်လိုဂရုစိုက်ရမလဲ၊ ကာကွယ်ရမလဲ

ရိုးရိုးသာမန် လက်ဖဝါးယားယံခြင်းကိုတော့ အရေပြားထိန်းသိမ်းရင်းနဲ့ကြိုတင်ကာကွယ်နိုင်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ–

ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေဖို့ ရေဝဝသောက်ပါ။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။

lotion လိမ်းပါ– အရေပြားကို သက်တောင့်သက်သာဖြစ်စေပြီး အစိုဓာတ်ထိန်းပေးနိုင်ဖို့ lotions နဲ့ moisturizers တွေ လိမ်းပေးပါ။

ကာကွယ်ပါ – လက်အရေပြားက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အသားအရေ ဖြစ်တယ်ဆိုရင် ဓာတုပစ္စည်းပါတဲ့ အရာတွေကို ထိတွေ့တော့မယ့် အခါတိုင်း လက်ကိုကာကွယ်ဖို့ သတိပြုပါ။ ဆပ်ပြာကိုင်မယ်ကြံတိုင်း၊ ပန်းကန်ဆေးမယ်ဆိုရင် ရော်ဘာလက်အိတ်စွပ်ပါ။ သိပ်ပြင်းတဲ့ ဆပ်ပြာတွေကို မသုံးတာအကောင်းဆုံးပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”