လက်စတာကိုအနိုင်ရပြီး ပရီမီယာလိဂ် အဆင့် ၄ နေရာ တက်လှမ်းခဲ့ပြီးနောက် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ကစားရမည်ဟု အာတီတာ ယုံကြည်နေ

အာဆင်နယ်အသင်းဟာ မတ် ၁၃ ရက်ညပိုင်းက လက်စတာစီးတီးအသင်း နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို အနိုင်ရရှိကာ ပရီမီယာလိဂ်အဆင့် ၄ နေရာ တက်လှမ်းခွင့်ရရှိခဲ့ပြီးနောက် လာမယ့်ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ကစား ရလိမ့်မည်ဟု ယုံကြည်ထားတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။

နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိ

အာဆင်နယ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၁၁ မိနစ်မှာ သောမက်ပါတေးက တစ်ဂိုးနဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၅၉ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောကနေတစ်ဆင့် လာကာဇက်က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းကို အနိုင်ရရှိပြီးနောက် အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၅၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၄)နေရာ တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ၁၉၉၈-၁၉၉၉ ဘောလုံးရာသီကစပြီး ချန်ပီယံလိဂ်ဝင်ခွင့် ၁၉ ရာသီ ဆက်တိုက် ရရှိခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်စတာစီးတီးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ခြင်းဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီမီယာလိဂ်ပြိုင်ပွဲမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ အဆင့်(၄)နေရာ တက်လှမ်းခွင့်ရရှိခဲ့ပေမယ့် နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာစီးတီးအသင်းကတော့ အာဆင်နယ်ကိုရှုံးခဲ့လို့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်