လှိုင်သာယာမြို့နယ်တွင် လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် ၂၇ ဇွန် 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် နံနက် ၁ဝ နာရီက လှိုင်သာယာမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်များ ဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်နေစဉ် လုယက်မှုများကျူးလွန်ထားကြောင်း သတင်းရရှိသူ မျိုးဇော်ထက်(ခ)ပိန်သေး၊ ထွန်းဝေလင်းနှင့် မျိုးကိုကို(ခ)မျိုးကိုတို့ (၃)ဦးအား CANDA 125 ဆိုင်ကယ် (၁)စီးနှင့်အတူ လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊ မီးခွက်ဈေးရှိ ရွှေနဝလီဆိုင်များတွင် နန်းပြားပုံရွှေလက်ကောက် (၂)ကွင်းအား လိုက်လံရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဇွန် ၁၂ ရက် ည ၈ နာရီတွင် ၎င်းတို့(၃)ဦးသည် လှိုင်သာယာမြို့နယ်၊ ဇုန်(၃) နဝဒေးလမ်းမပေါ် မူကြိုကျောင်းရှေ့တွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦး၏ လက်ဆွဲအိတ်အား ထွန်းဝေလင်းမှလုယူခဲ့ပြီး အိတ်အတွင်းမှ နန်းပြားပုံ ရွှေလက်ကောက်(၂)ကွင်း နှင့် Myphone အမျိုးအစားခလုတ်ဖုန်း (၁)လုံးတို့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသည်။

ထပ်မံဖော်ထုတ်ချက်အရ ထွန်းဝေလင်းသည် လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာနေ သက်လွင်ထွန်း(ခ)သံလက်သီးနှင့်အတူ မေလပိုင်းတွင် မော်တော်ဆိုင်ကယ်အား အတူစီးနင်းကာ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ ကံ့ကော်လမ်းပေါ်တွင် စက်ဘီးစီးနင်းကာ ဖုန်းပြောလာသည့် အမျိုးသမီးတစ်ဦးထံမှ Honor အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးကို လုယူခဲ့ကြောင်း သိရှိရပြီး သက်လွင်ထွန်း(ခ)သံလက်သီးအား ၎င်း၏နေအိမ်တွင်  ဖမ်းဆီးရမိခဲ့သောကြောင့် သက်သေခံပစ္စည်းအားသိမ်းဆည်း၍ ၎င်းတို့အား လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား