လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လက်ကိုင်ဖုန်းနှင့်ဆိုင်ကယ်ခိုးမှုကျူးလွန်သူအား ဖော်ထုတ်အရေးယူ

နေပြည်တော် ၁၂  ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့်  ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း ခိုးမှု/လုယက်မှု ကျူးလွန်တတ်သူများ၊ ပြစ်ချက်ဟောင်း တရားခံများအား ဖမ်းဆီးရမိရေး သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ရှမ်းချောင်းကျေးရွာ၊ သာယာအေးလမ်းမပေါ်တွင် အဆိုပါကျေးရွာနေ ရဲထက်နိုင်(ခ)အီဂျစ်(ခ) နဂါးလေး(၂၃)နှစ်အား Red mi6 အမျိုးအစား၊ ခဲရောင်လက်ကိုင်ဖုန်း ၁ လုံး နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်မေးရာ လက်ကိုင်ဖုန်းအား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိဘဲ ၂ဝ၁၈ ခုနှစ်၊ မေလအတွင်း၊ နေ့ရက်မမှတ်မိ၊ နေ့လယ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူခဲ့သည့် လက်ကိုင်ဖုန်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းအား သိမ်းဆည်းကာ လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

အမှုမှတရားခံ ရဲထက်နိုင်(ခ)အီဂျစ်(ခ)နဂါးလေးအား အခြားခိုးမှု/လုယက်မှုများဖြင့် အသေးစိတ် ဆက်လက် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း၊ နေ့ရက်မမှတ်မိ ညအချိန်တွင် လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊ FMI ဝင်းအတွင်းရှိ လမ်းမပေါ်တွင် ရပ်တန့်ထားသည့် နံပါတ်မပါ DAYUN အမျိုးအစား၊ အနီ/အနက်ရောင်ဆိုင်ကယ် ၁ စီးအား လည်းကောင်း၊ ဇော်မင်း(စုံစမ်းဆဲ)နှင့်အတူ လှိုင်သာယာ မြို့နယ်၊ (၆)ရပ်ကွက်၊ နဝဒေးအိမ်ယာရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်း ရပ်တန့်ထားသည့် နံပါတ်မပါ JLM အမျိုးအစား၊ အပြာ/အနက်ရောင်ဆိုင်ကယ် ၁ စီးအားလည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမပေါ်တွင် ညအချိန် သော့တန်းလန်းဖြင့် ရပ်တန့်ထားသည့် နံပါတ်မပါ KENBO(ပုံပြောင်း) အမျိုးအစား၊ အနက်ရောင် ဆိုင်ကယ် ၁ စီးအား လည်းကောင်း၊ ဒီဇင်ဘာလအတွင်း၊ နေ့ရက်မမှတ်မိ၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စိန်ဂေဟာရှေ့ လမ်းပေါ်တွင် သော့တန်းလန်းဖြင့်ရပ်ထားသည့် နံပါတ်မပါ TATA STAR 125 အမျိုးအစား၊ အနီ/အနက်ရောင်၊ ဆိုင်ကယ် ၁ စီး အား လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ တပင်ရွှေထီးဟိုတယ် ရှေ့လမ်းပေါ်တွင် သော့တန်းလန်းဖြင့် ရပ်ထားသည့် နံပါတ်မပါ JLM 125 အမျိုးအစား၊ အနက်ရောင်ဆိုင်ကယ် ၁ စီးအား လည်းကောင်း၊ နိုဝင်ဘာလအတွင်း၊ နေ့ရက်မမှတ်မိ၊ နံနက်ပိုင်းအချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သဲဒင်းလမ်းမကြီး၊ ထန်းခြောက် ပင်လမ်းဆုံအနီး လမ်းဘေးတွင် ရပ်ထားသော နံပါတ်မပါ KENBO 125 အမျိုးအစား၊ ငါးရိုးပုံ၊ အနက်ရောင် ဆိုင်ကယ် ၁ စီးအား လည်းကောင်း၊ နေ့ရက်မမှတ်မိ၊ နေ့အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်၊ ဧရာဝတီပတ်လမ်းအတွင်း နေအိမ်ခြံဝင်းတစ်ခုရှေ့ လမ်းမပေါ်တွင် သော့တန်းလန်း ဖြင့်ရပ်ထားသော နံပါတ်မပါ Honda  အမျိုးအစား၊ အနက်/ခဲရောင်၊ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် ၁ စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းပြီး  ဥပဒေနှင့်အညီ အသီးသီးထပ်မံအမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN