လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် လက်ကိုင်ဖုန်း အမျိုးမျိုးနှင့် ဆိုင်ကယ်(၁)စီး ခိုးယူသူတစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန်  ၂၅    ဇွန်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က  လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ သန့်ဇင်သော်ဦး အား ကုလားကြီးစုကျေးရွာ၊ ကျောင်းလမ်းအနီး၌ တွေ့ရှိစစ်ဆေးရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့ရှိ နေအိမ်များအတွင်းမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၂၃)လုံးနှင့် လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်(၁)စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရအမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီး ဖြစ်၍ ခိုးမှုကျူးလွန်သူ သန့်ဇင်သော်ဦး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)