လွိုင်လင်မြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသည့် ကျေးရွာသုံးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းဆောင်ရွက်ပေး

လွိုင်လင် ၁၀ မတ်

 

လွိုင်လင်မြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသည့် ကျေးရွာသုံးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ၃၅ ဒသမ ၆၇၁ သန်းဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ၃၅ ဒသမ ၆၇၁ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး သောက်သုံးရေ လိုအပ်လျက်ရှိသည့် နားသော်ကျေးရွာတွင် တင်ဒါအောင်မြင်သည့် ကောင်းမြန်မာကို ကုမ္ပဏီမှ တာဝန်ယူ၍ အရှည်ပေ (၁၅၆၀ဝ)ရှိ စိမ့်စမ်းရေသွယ်ယူခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ၎င်းအပြင် နမ့်ဆိုင်းကျေးရွာ၌ တင်ဒါအောင်မြင်သည့်  ကောင်းပြည့်စုံ ကုမ္ပဏီမှ တာဝန်ယူ၍ အရှည်ပေ (၈၅၀ဝ)ရှိ စိမ့်စမ်းရေသွယ်ယူခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်နှင့် ဝမ်အင်ကျေးရွာတွင် အရှည် ၂ မိုင်ရှိ စိမ့်စမ်းရေ သွယ်ခြင်းလုပ်ငန်း၊ ဂါလန် ၅၀ဝ၀ ဆံ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်း ပြီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စိမ့်စမ်းရေ သွယ်ယူခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်းပြည့်မီစေရန် ယနေ့နံနက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးစိုးမြင့်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

၎င်းစိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများအပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများ၊ ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်နှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်၍ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများကို ဆောင်ရွက်လျက်သည်။

 

ဦးသိန်းမြင့်ကျော် (ပြန်/ဆက်)