လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်၌ မသိုးသင်္ကန်း ဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ

လွိုင်ကော်  ၁၁   နိုဝင်ဘာ

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၄ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော် ကွင်းအတွင်းရှိ အဘယမုဒြာဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်ကြီးများ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

ရှေးဦးစွာ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အသင်း (၅) သင်းမှ ပြိုင်ပွဲဝင် ရက်လုပ်ထားသည့် မသိုးသင်္ကန်းများအား လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်ရှိ အဘယမုဒြာ ရုပ်ပွားတော်မြတ်၊ နေစက်၊ လစက် ဘုရား၊ တောင်ကွဲစေတီတော်နှင့် မိုးကောင်းဘုရားကြီးတို့၌ နံနက်အာရုဏ်တက်မည့် ၅ နာရီ ၁၀ မိနစ် အချိန်မတိုင်မီ ကပ်လှူ ပူဇော်နိုင်‌ရေး တာဝန်ရှိ ဂေါပက အဖွဲ့များထံ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ဗုဒ္ဓဥယျာဉ်တော်အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် အဘယမုဒြာရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်(၉)ပါးတို့က ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဘယမုဒြာ ရုပ်ပွားတော်မြတ်အား ဆွမ်း၊ ခဲဖွယ် အစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီးနောက် အစီအစဉ်အရ အခမ်းအနားအား “နမော တဿ” (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ထံမှ (၈)ပါးသီလခံယူ ဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈယ်သည့် ပရိတ်တရားတော် များနာယူခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ အနုမောဒနာတရားတော်နှင့် ရေစက်ချတရားတော် နာယူကာ ရေစက်သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့မှ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား