လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း၌ မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုကျရာ ယာဉ်မောင်းသေဆုံးပြီး သုံးဦး ဒဏ်ရာရ

ရှားတော ၂၅   မေ    

 

ကယားပြည်နယ်၊ လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း ကီလိုတိုင်အမှတ် ၃၉.၅ နှင့် ၄၀ အကြား (ပွန်ချောင်းရွာအထက်(၅)မိုင်) ဘေလီတံတားပေါ်ကွေ့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကားနောက်ပြန်လှိမ့်ကျရာမှ ချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်းအတိုင်း ယာဉ်မောင်း ဦးနဲရယ် မောင်းနှင်လာသည့် ခဲရောင် မော်တော်ကားပေါ်တွင် ဦးဟန်မြတ်သူ (၃၃)နှစ်၊ ဂျင်းမီ(ခ)စတီဗင်(၃၂)နှစ် နှင့် ဦးဘဲရယ်(၃၀)နှစ် တို့ လိုက်ပါလျက် မောင်းနှင်လာစဉ် ကီလိုတိုင်အမှတ် ၃၉.၅ နှင့် ၄၀ အကြား ဘေလီတံတား အပေါ်ကွေ့ အတက်ကွေ့အား ကွေ့တက်စဉ် ဂီယာပြုတ်၍ ကားနောက်ပြန်လှိမ့်ကျကာ လမ်း၏ဝဲဘက် ချောက်ထဲ့သို့ ပေ(၁၀ဝ)ခန့်အနက်ထိ ပြုတ်ကျတိမ်းမှောက်ခဲ့သည်။ 

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသော ဦးဟန်မြတ်သူတွင် ယာပုခုံး၊ ယာနားထင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးဂျင်းမီ(ခ)စတီဗင် တွင် နောက်စေ့ပေါက်ပြဲ၊ ကျောကုန်းစုတ်ပြဲ၊ ယာပါး၊ ယာနားထင်ပွန်းပဲ (မစိုးရိမ်ရ) နှင့် ဦးဘဲရယ် တွင် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိကာ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။ 

 

ဖြစ်စဉ်ကို  ရှားတောမြို့မရဲစခန်းမှ မော်တော်ယာဉ် ပေါ့လျော့စွာ မောင်းနင်မှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

 

ထွန်းအောင်(ပြန်/ဆက်)