လိပ်သိုမြို့ ကျေးရွာများတွင်  ဒေသထွက်မျှစ်များ စတင်ချိုးယူရောင်းချ

လိပ်သို၊  ၂၁ ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာများတွင် ယခုအခါ သဘာ၀ အလျောက် ပေါက်ရောက်လျက်ရှိသော ဝါးရုံများမှ  မျှစ်များကိုစားသုံးရန်နှင့် မိသားစု  ၀င်ငွေ ရရှိရန်အတွက် မျှစ်များကို ချိုးယူရောင်းချလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ကျေးရွာများတွင် ပေါက်ရောက်လျက်ရှိသော ဝါးအမျိုးစုံအနက်မှ ဝါးဘိုးမျှစ်၊ ဝါးသပွတ်၊ ကြက်သောင်းဝါးမျှစ်များကို ချိုးယူရောင်းချလျက်ရှိကြပြီး ဝါးသပွတ် မျှစ်ကို စားသုံးရန်အတွက်သာ ချိုးယူကြကြောင်း သိရသည်။

ယမန်နှစ်က မျှစ်ချိုးရာသီအစတွင် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ရရှိခဲ့သော်လည်း ယခုနှစ် မျှစ်ချိုးရာသီအစတွင် မျှစ်အ၀ယ်ဒိုင်ကြီးများ ဖွင့်လှစ်၀ယ်ယူမှုမရှိခြင်းနှင့် တစ်နိုင်တစ်ပိုင် ၀ယ်ယူမှုများသာ ရှိသောကြောင့် တစ်ပိဿာလျှင် ၂၅၀ ကျပ်သာ ရောင်းချနေရပြီး  စား၀တ်နေရေးအတွက် မိသားစုအလိုက် မျှစ်ချိုးရောင်းချနေလျက်ရှိကြောင်း သိရသည်။

ကျေးရွာဒေသခံများမှာ မျှစ်များကို တောင်ငူမြို့သို့ အဓိက ပို့ဆောင်ရောင်းချလျက်ရှိပြီး ပိုလျှံမျှစ်များကို မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များ ပြုလုပ်သိုလှောင်ထားကြပြီး ဆောင်းရာသီနှင့် နွေရာသီတွင် ပြန်လည်စားသုံး ရောင်းချကြကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)

mdn