လိင်ကွဲပြားမှုအပေါ် အခြေပြုသည့် အကြမ်းဖက်မှုတို့ လျော့နည်းပပျောက်ရေး

“တောင်ပံများကိုလည်း ဖြတ်ခံထားရသည်။ ဘယ်လိုပျံသန်းရမလဲဆိုတာတောင် နားမလည်သူဟူ၍လည်း သှူခမျာ အပြစ်ဖို့ခံရပြန်သည်။”


“အလုပ်အချို့မှာ အိမ်အလုပ်ဟုဆိုသည်ထက် စီစီဖတ်စ်ကို နှိပ်စက်ထားသည်နှင့် ပို၍တူသည်။ အဆုံးမရှိ ထပ်ချည်းတလဲလဲ။ သန့်စင်ရှင်းလင်းသမျှတို့ ပြန်ရှုပ်ပွ။ အရှုပ်အပွတို့ကို တစ်ခါပြန်ရှင်းနှင့်။ အကြိမ်ကြိမ်။ တစ်နေ့ပြီးတစ်နေ့”.....


ဆိုခဲ့ပါ စာစုတို့မှာ ပြင်သစ်အမျိုးသမီး အတွေးအခေါ်ရှင် ဆီမွန်ဒီဘိုးဗွား၏ The Second Sex စာအုပ်မှ ကောက်နုတ်ချက်တချို့ဖြစ်သည်။ စာအုပ်ကိုရေးသားထုတ်ဝေခဲ့သည်မှာ ၁၉၄၉ ခုနှစ်ကဖြစ်ရာ နှစ်ပေါင်း ၇၀ ရှိခဲ့ပြီဖြစ်သော်လည်း အမျိုးသမီး ငယ်၊ လတ်၊ ကြီး အရွယ်စုံတို့၏ အတွင်းစိတ်ခံစားချက်တို့နှင့် ပတ်သက်လျှင် အရေးပါသော စာအုပ်အဖြစ် ယနေ့တိုင်ဖတ်ရှုလေ့လာနေကြရဆဲ။


အစွမ်းအစ၊ အရည်အချင်းတို့ရှိပါလျက် မိန်းမသားဟူသော လိင်သဘာဝကွဲပြားမှုကို အကြောင်းပြု၍ ချုပ်ကိုင် ချိုးနှိမ် ပိတ်လှောင်ခံကြရသည့်ဘဝ၊ အိမ်တွင်းပုန်းများအဖြစ်နှင့် မိသားစု၏ နံရံလေးဖက်အတွင်းမှာ နိစ္စဓူဝအိမ်မှုကိစ္စများဖြင့် သံသရာလည်ကြရသည့်ဘဝများမှာ နိုင်ငံအသီးသီးရှိ လူမှုအသိုင်းအဝိုင်းများမှာ ရှိခဲ့ကြသည်။ ယနေ့ထက်တိုင်ရှိနေဆဲလည်းဖြစ်သည်။ သတ္တလောကတွင် ဖိုနှင့်မ လိင်သဘာဝကွဲပြားမှုအရ ခွန်အားနှင့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတို့ မတူညီကြသလိုခွဲဝေကြသော တာဝန်များမှာလည်း ကွဲပြားခြားနားကြသည်။ “ကျား”တို့က ခွန်အားသာသူများဖြစ်သည့်အလျောက် ခွန်အားစိုက်ထုတ်ရသည့် လုပ်ငန်းကို တာဝန်ယူခဲ့ကြရသည်။ အစားအစာရှာဖွေခြင်း၊ မိမိ၏မိသားစုနှင့် မျိုးနွယ်စုတို့ကို ကာကွယ်ရခြင်းတို့တွင် ဦးဆောင်ခဲ့ကြပြီးသမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းအသီးသီးတို့တွင် ဦးစီးပဲ့ကိုင်သူများအဖြစ် ဦးစားပေးအလေးအမြတ်ပြုခံခဲ့ကြရသည်။ သည့်အတွက် “မ”တို့မှာ ဒုတိယတန်းစားဘဝသို့ အလိုလို ကျရောက်သွားခဲ့ရသည်။


စက်မှုခေတ်နှင့် နည်းပညာခေတ်တို့တွင်မူ ခွန်အားဗလသည် ပဓာနမဟုတ်တော့။ “ကျား” နှင့် “မ” တို့အကြားမှ ခြားနားချက်တို့ ကျဉ်းမြောင်းလာသည်တွင် “ မ”တို့သည် ၎င်းတို့အပေါ် သမိုင်းတစ်လျှောက်လုံး အုပ်မိုးလာခဲ့သည့် ဒုတိယအမျိုးအစားလိင်ဟူသော အမြင်တို့အောက်မှရုန်းထွက်ဖို့ ကြိုးစားလာခဲ့ကြသည်။ ထူးချွန်ထက်မြက်သော အမျိုးသမီးတို့ဦးဆောင်သည့် “အမျိုးသမီး အမျိုးသားတန်းတူညီမျှရေး” ရုန်းကန် လှုပ်ရှားမှုတို့ကို တိုးတက်သောအမြင်ရှိသည့် အမျိုးသားတို့ကလည်း အားပေးကူညီခဲ့ကြသည်။


သို့ရာတွင် စာနာနားလည်တတ်သော နှလုံးသားဟူသည် လူတိုင်းတွင် မရှိတတ်သည့်အလျောက် ကျား/မ ကွဲပြားမှုကို အခြေပြုသည့်ခွဲခြားမှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုတို့က လူ့အဖွဲ့အစည်းတိုင်း၊ အသိုက် အဝန်းတိုင်းမှာ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှု ပုံစံအမျိုးမျိုးနှင့် လိင်အကြမ်းဖက်မှုတို့က ထုနှင့်ထည်နှင့် ရှိနေသည်။ မိမိတို့နိုင်ငံအနေဖြင့်မူ မြို့ ကြီးပြကြီးများမှာရောကျေးလက်ဒေသများမှာပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးတို့ ဖြစ်နေသည်ကို မီဒီယာများမှာ တွေ့နေရသည်။


မိမိတို့အားလုံး သတိချပ်ရမည်မှာ မြန်မာနိုင်ငံသည် အမျိုးသမီးများ၏အခွင့်အရေးများ ရရှိရေးနှင့် အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးတို့အတွက်အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုအကောင်အထည်ဖော်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုစာမက ကြာခဲ့ပြီဖြစ်ခြင်းပင် ဖြစ်သည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည် နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပြီး အမျိုးသမီးများကို အကာအကွယ်ပေးသည့်ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီးလည်းဖြစ်သည်။ အမျိုးသမီးတို့၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်းတို့ မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် လျော့နည်းကင်းစင်ရေးအတွက် ကျား/မ မဟူ လူတိုင်းက မိမိတို့တာဝန်များအဖြစ်ခံယူကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။ ။


မြန်မာ့အလင်း