လီဂျွန်၊ ကန်ဟန်နာနဲ့ ဂျန်ဟော့တို့ ရုပ်သံဇာတ်လမ်းတွဲသစ်တွင် တွဲဖက်ပါဝင်မည်

အတိတ်သမိုင်းက ဖြစ်ရပ်တွေကို နောက်ခံထား ရိုက်ကူးသွားမယ့ တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသား လီဂျွန်နဲ့ ဂျန်ဟော့တို့နဲ့အတူ မင်းသမီး ကန်ဟန်နာက တွဲဖက်ပါဝင်  သရုပ်ဆောင်မှာဖြစ်ကြောင်း စွန်ပီ ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

KBS 2TV က ရိုက်ကူးထုတ်လွှင့်သွားမယ့် အဆိုပါဇာတ်လမ်းတွဲကို Red Heart လို့ ယာယီအမည်ပေးထားပြီး အဆိုပါ ဇာတ်လမ်းတွဲမှာ ကျော်ကြားတဲ့  သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဂျန်ဟော့၊ လီဂျွန်နဲ့ ကန်ဟန်နာတို့ ပါဝင်မှာဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ ဇာတ်လမ်းတွဲဟာ နန်းတွင်းက အဖြစ်အပျက်တွေကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ လီထယ်လို့ အမည်ရတဲ့ ဂျိုဆွန်းဘုရင်တစ်ဦး အကြောင်းကို ပုံဖော်ထားတဲ့ အဆိုပါ ဇာတ်လမ်းတွဲဟာ ယခင်က နန်းတွင်း ဇာတ်လမ်းတွဲတွေနဲ့မတူတဲ့ ခံစားမှုမျိုး ပေးစွမ်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ယင်းဇာတ်လမ်းတွဲမှာ လီဂျွန်က ဘုရင်လီထယ်အဖြစ် ပါဝင်ထားတာပါ။ သူဟာ အာဏာစက် ကျယ်ပြန့်ဖို့ရာ အမြဲကြိုးပမ်းလေ့ရှိပြီး သူ၏ရည်ရွယ်ချက်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေ ကို ရှင်းထုတ်ပစ်လေ့ရှိပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာ မျှတတယ်လို့လည်း ထင်နေသူတစ်ဦးပါ။

 

ဂျန်ဟော့ကတော့ ဘုရင်လီထယ်နဲ့ အမြဲ ပဋိပက္ခဖြစ်လေ့ရှိသူ ပါ့ခ်ကျယ်ဝန် အဖြစ် ပါဝင်ထားတာပါ။ သူဟာငယ်ရွယ် တဲ့ ဘုရင်တွေကို ဉာဏ်ပညာရှိသူတွေ ဖြစ်လာအောင် ပြုလုပ်ပေးသူဖြစ်တာ ကြောင့် ဘုရင်တွေကို ဖန်တီးသူအဖြစ် စွမ်းအားရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ကန်ဟန်နာပါဝင်ထားတဲ့ ဇာတ်ကောင်ကတော့ သာမန်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘုရင်လီထယ် ချစ်မြတ်နိုးသူမိန်းကလေးလည်းဖြစ်ပါတယ်။ သူ့ကို ဘုရင်လီထယ်  က မိဖုရားခေါင်အဖြစ် တင်မြှောက်လိုရာက မိသားစုနဲ့ သဘောထားမတိုက်ဆိုင်ဘဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကို လာမယ့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ စတင်ထုတ်လွှင့်ဖို့ရာ ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

အေးပြည့်