လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ စပါးအသင်း သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နည်းပြ ကွန်တီလက်ထက် ပရီမီယာလိဂ် ငါးပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၈)ရဲ့ ဒီဇင်ဘာ ၁၉ ရက် ညပိုင်း နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါး အသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် စပါးအသင်းဟာ နည်းပြကွန်တီလက်ထက်မှာ ပရီမီယာလိဂ်  ငါးပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်လွဲခဲ့ရ

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းဟာ သရေတစ်မှတ်သာ ရရှိခဲ့တာကြောင့် လေးနှစ်တာကာလအတွင်း ခရစ္စမတ်ကာလမှာ ပရီမီယာလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့်အခွင့်အရေးနဲ့ ပထမဆုံးအကြိမ် လွဲခဲ့ရတာဖြစ်ပြီး နည်းပြကလော့ရဲ့ လီဗာပူးအသင်းဟာ အဆင့်(၁)နေရာက မန်စီးတီးအသင်းနဲ့ သုံးမှတ် အကွာအဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဦးဆောင်ဂိုးစတင်ရရှိ

စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပွဲကစားချိန် ၁၃ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဟယ်ရီကိန်းဟာ အခုနှစ် ဘောလုံးရာသီမှာ အိမ်ကွင်းပထမဆုံး ပရီမီယာလိဂ် သွင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ပွဲကစားချိန် ၃၅ မိနစ်မှာ အသင်းရဲ့ ဘယ်နောက်ခံကစားသမား ရောဘတ် ဆန်ရဲ့ ဖန်တီးပေးမှုကနေ ဂျိုတာရဲ့ သွင်းဂိုးရရှိခဲ့တာကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ရောဘတ်ဆန် ဟာ ဂိုးဖန်တီးပေးမှု တစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့အပြင် လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးကိုလည်း ဒုတိယပိုင်း ပွဲကစားချိန် ၆၉ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျိုတာဟာ အခုပွဲစဉ်မှာ တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းအတွက် အခုနှစ် ဘောလုံးရာသီပရီမီယာလိဂ်သွင်းဂိုး ၁၀ ဂိုး အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ခြေပဂိုးပြန်လည်ရရှိ

စပါးအသင်းဟာ ပွဲကစားချိန် ၇၄ မိနစ်အရောက်မှာ တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး အဲဒီသွင်းဂိုးဟာ လီဗာပူးအသင်းဂိုးသမား အဲလစ်ဆင်ရဲ့ အမှားကနေ ချေပဂိုး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီးနောက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့ပြီး ပွဲကစားချိန် ၇၇ မိနစ်မှာ လီဗာပူး ဘယ်နောက်ခံကစားသမား ရောဘတ်ဆန်ဟာ စပါးကစားသမား အီမာဆင်ရိုင်ရယ်ကို ကြမ်းတမ်းစွာကစားခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းက ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ သီယာဂိုအယ်ကန်တာရာတို့ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် စပါးအသင်းနဲ့ပွဲစဉ်မှာ လွဲခဲ့ရပါတယ်။ စပါးအသင်းဟာလည်း ကစားသမား ကိုးဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရ တာကြောင့် ပြီးခဲ့တဲ့တစ်ပတ်အတွင်းက လေ့ကျင့်ရေး အစီအစဉ်ကို သုံးရက်ကြာရပ်နားထားခဲ့ရတာဖြစ်ပြီး ငါးရက် အတွင်းမှာ ပွဲစဉ်သုံးပွဲအထိ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အဆင့်(၇)နေရာမှာ ရပ်တည်ခွင့်ရရှိ

စပါးအသင်းဟာ ကစားသမားတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကြောင့် လက်ရှိအချိန်မှာ ပရီမီယာလိဂ် ပွဲစဉ် ၁၅ ပွဲသာ ကစားထားရသေးတာဖြစ်ပေမယ့် အမှတ်ပေး ဇယား အဆင့်(၇)နေရာမှာ ရပ်တည်ခွင့်ရရှိနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ စပါးအသင်းနဲ့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပွဲစဉ် ၁၈ အပြီးမှာ သွင်းဂိုး ၅၀ အထိသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်