လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

အသက်ရှူရာကနေ ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါများကို ဆိုလိုပါတယ်။ ရောဂါပိုးရှိသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်ခပ်ခြင်း စတာတွေ ပြုလုပ်တဲ့အခါ လေထုထဲကို ရောဂါပိုးတွေ ရောက်ရှိသွားနိုင်ပါတယ်။ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်ပိုး အချို့ဟာ လေထဲမှာ လင့်မျောသွားနိုင်ပြီး အခြားသူများက ရှူရှိုက်မိတဲ့အခါ ကူးစက်သွားနိုင်ပါတယ်။ လေထဲမှာလွင့်ပြီး အရာဝတ္တုများပေါ်ကျသွားပြီး သိပ်မကာသေးခင် အဆိုပါအရာဝတ္တုများကို ကိုင်တွယ်မိပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ကိုင်မိရာကလည်း ကူးစက်နိုင်ပါတယ်။

 

ယခုတကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတဲ့ COVID19 ရောဂါဟာ လေထုထဲကလည်း ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ လေထုထဲက ကူးစက်နိုင်ခြေရှိတဲ့ တခြားရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

တုပ်ကွေး

 

အအေးမိတုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးဟာ ကူးစက်လွယ်ပါတယ်။ ဒီနေ့ ကူးစက်မိပြီဆိုရင် နောက်တရက်မှာ နှာရည်ကျခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေကို ကြုံနိုင်ပါတယ်။ တခါတရံ ၄-၅ရက်လောက်ထိ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားနည်းပါးသူတွေကို ကူးစက်လွယ်ပါတယ်။

 

ရေကျောက်

 

varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး လေထုကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ပြီး တရက်နှစ်ရက်အတွင်း ကိုယ်ခန္ဓာပေါ်မှာ အနီကွက်တွေ ဖြစ်လာတတ်ပါတယ်။ လူအများစုမှာတော့ ရေကျောက်ဟာ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်ကြပါတယ်။

 

ပါးချိတ်ရောင်ခြင်း

 

ပါးချိတ်ရောင်ခြင်းဟာလည်း ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါတမျိုးပါပဲ။ တခါတလေ ကူးစက်ပြီး ၄-၅ရက်အကြာမှ ရောဂါလက္ခဏာပြလာတာမျိုး ကြုံရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပါတယ်။

 

ဝက်သက်

 

ဝက်သက်ဟာလည်း လေထဲကနေ ကူးစက်နိုင်ပြီး လူထူတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ လေထဲကနေ ကူးစက်နိုင်သလို အရာဝတ္တုမျက်နှာပြင် တခုခုပေါ် ရောက်သွားရင်လည်း နှစ်နာရီလောက်အထိ ရှင်သန်နေနိုင်ပါတယ်။ ဝက်သက်ပေါက်သူတယောက်ဟာ ၄-၅ရက်အတွင်း တခြားသူတယောက်ဆီ ကူးစက်နိုင်ခြေရှိပါတယ်။ ဝက်သက်ကြောင့် ကလေးများ သေဆုံးနိုင်ခြေရှိပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပါတယ်။

 

ကြက်ညှာချောင်းဆိုး

 

ရောဂါကူးစက်ပြီးသွားရင် အသက်ရှူလမ်းကြောင်းတလျှောက်ရောင်ရမ်းပြီး အဆက်မပြတ် ချောင်းဆိုးနေတတ်ပါတယ်။ ချောင်းစဆိုးလာပြီး ၂ပတ်လောက်အထိ တခြားသူတွေဆီ ကူးစက်နိူင်ပါသေးတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လူပေါင်းတသိန်းခန့်ကို သေဆုံးစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

 

တီဘီရောဂါ

 

တီဘီဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး လေထုကနေ ကူးစက်နိုင်ပါတယ်။ အလွယ်တကူမကူးစက်တတ်ပေမယ့် ရောဂါရှိသူနဲ့ အချိန်ကြာမြင့်စွာ နီးနီးကပ်ကပ်နေမိရင် ကူးစက်နိုင်ခြေ များပါတယ်။ ကိုယ်ခံအားကျဆင်းနေချိန်မှာ ကူးစက်လွယ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း ၁၀ သန်းခန့်ဟာ တီဘီရောဂါကို ခံစားနေရပါတယ်။

 

ဆုံဆို့နာ

 

ကလေးတွေမှာ အဓိကဖြစ်တတ်ပြီး သေဆုံးနိုင်ခြေရှိတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းကို အဓိက ဒုက္ခပေးပေမယ့် နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

 

လက္ခဏာများ

 

လေထဲကနေကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ဝင်ရောက်လာပြီးရင် အောက်ပါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

– ချောင်းဆိုးခြင်း

– လည်ချောင်းနာခြင်း

– နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ကျခြင်း

– အကျိတ်များရောင်ခြင်း

– ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း

– ဖျားခြင်း

– အစားပျက်ခြင်း

– အားအင်ကုန်ခမ်းခြင်း

အဆိုပါလက္ခဏာတွေဟာ ယေဘုယျတွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပြီး ရောဂါအလိုက်ကွာခြားတဲ့ လက္ခဏာတွေ ရှိပါသေးတယ်။ ဥပမာ ဝက်သက်ဆိုရင် တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အဆုတ်တီဘီဆိုရင် ချောင်းဆိုးသွေးပါခြင်း ကြုံနိုင်ပါတယ်။ ဆုံဆို့နာဆိုရင် အသက်ရှူရကြပ်တဲ့အထိ လည်ချောင်းရောင်နေတတ်ပါတယ်။

 

ဘယ်လိုကာကွယ်မလဲ

 

လေထဲကနေကူးစက်နိုင်တဲ့ ရောဂါဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့အတွက် ရောဂါလက္ခဏာရှိသူတွေနဲ့ နီးကပ်စွာနေခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ မိမိနေထိုင်မကောင်းဖြစ်ခဲ့ရင် အိမ်မှာပဲ နေသင့်ပါတယ်။ အိပ်ရေးပျက်ခြင်း၊ အစားပျက်ခြင်းတွေကြောင့် ကိုယ်ခံအားနည်းပါးနေချိန်မှာ လူစုလူဝေးကို ရှောင်ကြဉ်ရပါမယ်။ မလွှဲသာမရှောင်သာသွားလာရရင်လည်း နှာခေါင်းစည်းတပ်ဆင်ရပါမယ်။ နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို ဖုံးကွယ်ထားရပါမယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးကြောရပါမယ်။ ကလေးများကို ကာကွယ်ဆေးထိုးပေးရပါမယ်။

 

နေထိုင်မကောင်းဖြစ်လာချိန်မှာ ကိုယ်ခံအားတက်အောင် နေထိုင်ရပါမယ်။ ဗီတာမင် C သုံးစွဲပြီး စွပ်ပြုတ်ရည် ဓာတ်ဆားအပါအဝင် အရည်ဓာတ်လုံလောက်စွာ သောက်သုံးရပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးများကို အတိအကျသောက်သုံးသင့်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr.Thant Zin

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”