လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးအတွက် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ သုံးစွဲမည်

ဆိုးလ်  ၁၄  မတ်

 

တောင်ကိုရီးယားပါလီမန်က နိုင်ငံအတွင်း လေထုညစ်ညမ်းမှုအန္တရာယ် ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ရသုံးငွေပမာဏကို ယနေ့ခွင့်ပြုခဲ့ကြောင်း သတင်းများအရ သိရသည်။

 

နိုင်ငံအတွင်းရှိ မြူမှုန်များ ပါဝင်သော လေထုညစ်ညမ်းမှုအဆင့်သည် ပြည်သူများ၏ကျန်းမာရေးကိုထိခိုက်စေရန် အလွန်အမင်း ဆိုးရွားလျက်ရှိသည့်အတွက် ပါလီမန်က အရေးပေါ် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ကိုရီးယား အစိုးရအဖွဲ့က လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးဆိုင်ရာ အထူးရသုံးငွေပမာဏ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့်ကို အရေးပေါ်လုပ်ငန်းများဆောင်ရွက်ရန် အသုံးပြုမည်ဖြစ်သည်။ အဆိုပါ ငွေကြေးပမာဏကို ပါလီမန်ဥပဒေပြု အမတ်များက မတ် ၁၃ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်မည့် အရေးပေါ်လုပ်ငန်းများတွင်စာသင်ခန်းများအတွင်း လေကောင်းလေသန့်ရရှိစေရန် လေသန့်စင်စက်များ တပ်ဆင်ခြင်းများ ပါဝင်ကြောင်း သိရသည်။ အဆိုပါလေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှုသည် သမ္မတ မွန်းဂျေအင်း ဦးဆောင်သော အစိုးရအဖွဲ့အတွက် အရေးကြီးသော ကိစ္စရပ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။

 

တောင်ကိုရီးယား ပြည်သူများက လေထုညစ်ညမ်းမှုများကြောင့် မလိုလားအပ်သော ကျန်းမာရေးဘေးဥပဒ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။ မော်တော်ယာဉ်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်များသည် လေထုညစ်ညမ်းမှု အန္တရာယ်၏အကြောင်းရင်းခံ ဖြစ်သော်လည်း တောင်ကိုရီးယား ပြည်သူများက တရုတ်နိုင်ငံမှ ထွက်ရှိပျံ့နှံ့လာသော လေထုညစ်ညမ်းမှုများကိုလည်း ပြစ်တင်ဝေဖန်လျက်ရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ