လေရှီးမြို့ရှိ  (A)အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

လေရှီး  ၊ ၂၂   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် (A)အဆင့်သတ်မှတ် ခြင်း ခံရထားရသော စားသောက်ဆိုင်များတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို  ယနေ့နံနက်ပိုင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်ဦး ဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်အဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေမှူးတို့ ပူးပေါင်းပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်စစ်ဆေးရာတွင် ဆိုင်အတွင်းသို့ လာရောက်စားသုံးသူများအတွက် နေရာ ထိုင်ခင်း စားပွဲတစ်ခုနှင့်တစ်ခု ၆ ပေအကွာ ခင်းကျင်းထားမှု ရှိ/မရှိ၊   စားပွဲဝိုင်းများအကြားတွင် အကာ အရံများ ထားရှိရေး၊ အစားအသောက်များအား ပိုးမွှားမဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊  လက်ဆေး ဘေစင်များ၊ Hand Gel များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အသုံးအဆောင်များနှင့် စားဖိုဆောင်များအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်ရှိသည့် ဆိုင်များကို စနစ်တကျလိုက်နာရန် အသိပေး ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

 

မွှေးကြူဇင်