လေးမျက်နှာမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

လေးမျက်နှာ ၂၆ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းဝေးတွင် လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ကြင်ဌေးမှ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန် (၁၂)ချက်နှင့် ကော်မတီ၏ သက်တမ်း၊ မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းဝေးသို့ တက်ရောက်လာသော ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် ဩဇာတိက္ကမရှိသူများမှ မိမိတို့သိရှိလိုသည်များကို အသီးသီးပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မြို့နယ်တွင်း ဩဇာတိက္ကမရှိသူများ စုစုပေါင်း (၂၇)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)