လေးမျက်နှာမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လေးမျက်နှာ  ၁၈  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်တို့က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။

လေးမျက်နှာမြို့တွင် ကလေးစာပေပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(လေးမျက်နှာ)၌ ဒီဇင်ဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် က လေးစာပေပွဲတော်တွင် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)