လေးမျက်နှာဟု ခေါ်ပါသည်

 

မြင့်စိုး(နတလ)

 

တစ်ခါတုန်းက လေးမျက်နှာမှာ

 

လွန်ခဲ့သော လေးနှစ်ခန့်က လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာနှင့် ခုံကြီးကျေးရွာအကြားရှိ ဝါးတံတားလေးပေါ်မှာ ခြေစုံရပ်၍ ပတ်ဝန်းကျင်တစ်ခွင် ငေးမောကြည့်ရှုရင်း နောင်တစ်ချိန် သည်နေရာ၊ သည်တံတားကို ပြုပြင်တည်ဆောက် ပေးခွင့်ရလျှင် ကောင်းလေစွဟု အတွေးဝင်ခဲ့ဖူးသည်။ ဟော….. စေတနာ အကျိုးပေးတာလား၊ ကုသိုလ်ကံတရားကပဲ ဆန်းကြယ်လွန်းလှတာလား မပြောတတ်တော့ပေ။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ ပြန်လည်၍ တာဝန် ထမ်းဆောင်ခွင့်ရခဲ့သည်။ လေးမျက်နှာဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကျေးဇူးတော်ရှင် အောင်ဆန်းဆရာတော်ကြီးက လည်း ဆန္ဒပြုမိန့်ကြားထားသော ခတ္တူနှင့် ခုံကြီးကြားက ပေ ၂၂၀ တံတားတစ်စင်းကို နှစ်ဆက် လုပ်ငန်းအဖြစ် ထည့်သွင်းလျာထား ဆောင်ရွက်ပေးခွင့်ရခဲ့ပါပြီ။ လေးမျက်နှာမြို့နယ်ထဲက ခတ္တူ ကျေးရွာ၊ ခုံကြီးကျေးရွာဟု ကျွန်တော် သုံးနှုန်းဖော်ပြ နေလင့်ကစား လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော် အချိန်ကာလ၊ တစ်နည်းပြောရလျှင် ငဝန်မြစ် အနောက်ဘက်ခြမ်းမှာ လေးမျက်နှာမြို့ဟောင်းအဖြစ် ရှိနေခဲ့စဉ်ကမူ အဆိုပါ ခတ္တူကျေးရွာနှင့် ခုံကြီးကျေးရွာတို့သည် လေးမျက်နှာမြို့၏ အထင်ကရ ရပ်ကွက်ကြီးများအဖြစ် လူသိများထင်ရှား ခဲ့သည်။ ညောင်ပင်စု၊ ခုံကြီးပိုင်း၊ မြို့မရပ်ကွက်၊ ဈေးသစ်ကုန်း၊ အညာတန်း၊ ခတ္တူပိုင်းဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ခတ္တူပိုင်းမှာ သမိုင်းဝင်စတုမုခထူပါရုံ စေတီတော်မြတ်ကြီး တည်ရှိနေသည့်အတွက် ခတ္တူပိုင်းကို ဘုရားကြီးပိုင်းဟူ၍လည်း ခေါ်ကြသည်။ ငဝန်မြစ်ကမ်းဘေးမှာ သုံးမိုင်ကျော် ရှည်လျားသော မြို့ဖြစ်ပြီး ရပ်ကွက်ကြီးသုံးခု၊ ရပ်ကွက်ငယ် ၁၅ ခု၊ အိမ်ခြေ ၃၀၀၀ ကျော် ရှိခဲ့ဖူးသည်။

 

mdn

 

ကျွန်တော့်ရဲ့ ဇာတိရွာက လေးမျက်နှာမြို့၏ အနောက်စူးစူး ခုနစ်မိုင်အကွာမှာရှိသည့် စိန်တောင် ရွာဖြစ်သည်။ ရွာကကျောင်းမှာ ၄ တန်းအောင်သည်၊ ရွာနားက အ.လ.က လှော်ကထားကျောင်းမှာ ၈ တန်းအောင်သည်။ ၈ တန်းအောင်ချိန်မှာ ၉ တန်း၊ ၁၀ တန်း ဆက်တက်ဖို့ အခြားသောမြို့ရွာများသို့ ကျွန်တော်မသွားချင်၊ အစ်ကိုတွေတုန်းကတော့ ရေကြည်မြို့နယ်ထဲက အသုတ် အ.ထ.ကမှာ သွားတက်ခဲ့ကြဖူးသည်။ ကျွန်တော်က လေးမျက်နှာ အ.ထ.ကမှာပဲ တက်မည်။ နေစရာအတွက် အမျိုးအဆွေအိမ်များသို့ သွားစရာမလို၊ ဘကြီးဘုန်းကြီး ဦးဣန္ဒက ကျောင်းထိုင်ခဲ့ဖူးသော ဒက္ခိဏာရုံကျောင်းတိုက်အား ဆရာတော်ကြီး ဦးပညာလောကနှင့် ဦးဇောတိပါလတို့က ဆက်ခံပြီး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်၍ ၉ တန်း၊ ၁၀ တန်း နှစ်နှစ်ကို ထိုကျောင်းတွင် သွားနေခဲ့သည်။ ပရဟိတကျောင်းသည် ခုံကြီးပိုင်းတွင်ရှိ၏။ နေ့စဉ် ခုံကြီးပိုင်းမှ မြို့မရပ်ကွက်ရှိ အ.ထ.က ကျောင်းသို့ လမ်းလျှောက်ပြီးသွားကြသည်။ ရွာတွင် မူလတန်း၊ အလယ်တန်းအောင်ခဲ့သည့် ၁၉၆၀ ပြည့်လွန်နှစ်များမှာ၊ လေးမျက်နှာ အ.ထ.ကကို ရောက်ခဲ့သည့် ၁၉၇၅-၇၆ ခုနှစ် အချိန်ကာလများမှာ ငဝန်မြစ်သည် လေးမျက်နှာမြို့အတွက် လှပသည့် အကျိုးပြုမြစ်တစ်စင်း ဖြစ်နေဆဲပင်။ ကမ်းပြိုတာတွေလည်း သိပ်မရှိသေး၊ မြစ်ကမ်းဘေးတစ်လျှောက်လို့ပဲ ပြောရမလား၊ လေးမျက်နှာမြို့၏ မြို့လယ်လမ်းလို့ပဲ ပြောရမလား တစ်လမ်းတည်းသော လမ်းကလေးမှာ နေ့စဉ် သွား၊ ပြန် လုပ်ခဲ့ကြသည်။ ကာလမ်းမပေါက်သော၊ ကားနှင့်တူသည်ဆို၍ တစ်စီးမျှမရှိသော၊ မြင်းလှည်းလည်းမရှိသော၊ စက်ဘီး၊ ဆိုက်ကားနှင့် ခြေကျင်ကြိတ်နေကြ သောမြို့ကို ထိုစဉ်က လေးမျက်နှာမြို့ဟု ခေါ်ပါသည်။

 

ထူးချွန်ထင်ရှား လေးမျက်နှာဇာတိဖွားများ

 

သို့ကလိုပြောလိုက်၍လည်း ရိုးသားကြိုးစား ဧရာဝတီသားဆိုသည့် ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်ထဲတွင် ပါဝင်နေသည့် လေးမျက်နှာ မြို့နယ်နှင့် လက်ဝါးသာသာမြို့လေးကို အထင် မသေးစေလို၊ ထိုနေရာ ထိုဒေသမှာ နေရာကဏ္ဍ အလိုက် တိုင်းသိပြည်သိ၊ နိုင်ငံကျော် သာသနာ့ အာဇာနည်များ၊ ပုဂ္ဂိုလ်ကြီးများ၊ ပုဂ္ဂိုလ်လတ်၊ ပုဂ္ဂိုလ်ငယ်များ ပေါ်ထွက်လာခဲ့ဖူးသည်။ ဘာသာသာသနာကဏ္ဍတွင် ဘိုးတော်မင်းတရားလက်ထက် မိဖုရားခေါင်ကြီး ရတနာဒေဝီ ကိုးကွယ်ခဲ့သော ပထမထွတ်ခေါင် ဆရာတော်ကြီးမှအစ ရွှေဟင်္သာ ဆရာတော်ကြီး၊ အောင်ဆန်းဆရာတော်ကြီးတို့ ပေါ်ထွက်ရာဒေသ၊ နိုင်ငံရေးလောကတွင် သခင် ပညာလောက (ပရဟိတဆရာတော် ဘဒ္ဒန္တပညာ လောက ဖြစ်ပါသည်)၊ ဝိဓူရသခင်ချစ်မောင်တို့သည် လည်းကောင်း၊ စာပေကဏ္ဍတွင် ကျောက်စာဝန် ဦးမြနှင့် ကဗျာဆရာကြီး စောရန်နောင်တို့သည် လည်းကောင်း၊ ရုပ်ရှင် ဂီတနှင့် သဘင် အနုပညာ လောကတွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ ဦးစိန်မာဒင်က လေးမျက်နှာသူနှင့် အကြောင်းပါခဲ့၍ သားများဖြစ်ကြသော မိုးဝင်း၊ မိုးမင်း၊ ဦးစိန်မာဒင် ဇာတ်ထဲမှနေ၍ အနုပညာခရီးလမ်းကို စတင်ခဲ့သော လေးမျက်နှာသား အကယ်ဒမီမော့စ်တို့သည် လည်းကောင်း၊ အကယ်ဒမီ အမေ ဒေါ်ကြည်ကြည် ဌေး ဇာတ်ကခဲ့စဉ်က အောက်ချင်းဖို၊ အောက်ချင်းမ ဇာတ်ဖြင့် ကျော်ကြားခဲ့သော မင်းသား အောင်ဝိဇ္ဇာ ဦးခင်မောင်၊ ဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ (လေးမျက်နှာမြို့နယ် အိုင်သပြု ကျေးရွာဇာတိ)၊ မြန်မာ့ဘောလုံးရွှေခေတ်က မဟာဒူး(ဦး)၊ ဘပု(ဦး)၊ အောင်ခင်(ဦး) တို့နှင့်အတူ အာရှ၊ အရှေ့တောင်အာရှတွင် နာမည်ကျော်ကြားခဲ့သော ဦးလှဌေး၊ သည်ဘက်ခေတ်တွင် ကိုအောင်စံ ဖြိုးနှင့် ဂိုး-မေခင်ယမင်း၊ ဆပ်ကပ်အားကစား သို့မဟုတ် ဆပ်ကပ်အနုပညာလောကမှာ ဆိုဗီယက်တွင် ဒီပလိုမာယူခဲ့သော ဆိုဗီယက်ပြန် အာဇာနည် စန်းစန်းတို့သည်လည်းကောင်း လေးမျက်နှာဇာတိဖွား များဖြစ်ကြသည်။ သူ့ခေတ် သူ့အခါ သူ့နေရာ သူ့ဌာန အလိုက် ထူးချွန်ထင်ရှား ကျော်ကြားခဲ့ကြပါသည်။

 

သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး

 

ငဝန်မြစ်သည် ဧရာဝတီမြစ်၏ မြစ်လက်တက်အဖြစ် ဟင်္သာတမြို့အထက်နားဆီက ဆုံကုန်းရွာတွင် အစပြုသည်။ ရှေးပဝေသဏီကပင် ပုဂံ၊ အင်းဝ အထက်အညာဒေသမှ လှေများစုံဆင်း၍ ငဝန်မြစ် ကြောင်းအတိုင်း ပင်လယ်ထွက်ပေါက်သို့ ရောက်ရှိကာ အနောက်ဘက် စစ်တွေ၊ အာသံ၊ မဏိပူရသို့ လည်းကောင်း၊ အရှေ့ဘက် တနင်္သာရီ၊ ထိုင်း၊ မလေးသို့လည်းကောင်း ကူးသန်းသွားလာ ရောင်းဝယ် ဖောက်ကားခဲ့ကြသည်ဆို၏။ နောင်တစ်ချိန် လေးမျက်နှာမြို့ဟု ဖြစ်လာမည့်နေရာသည်လည်း အချက်အခြာကျသည့် နေရာတစ်ခုဖြစ်တန်ရာ၏။ ကတ္တူလှေကြီးများ ဆိုက်ကပ်ခဲ့သည့်နေရာဖြစ်၍ ကတ္တူမှ ကာလရွေ့လျားလာသော ခတ္တူရပ်ကွက်၊ မင်းနေပြည်တော်မှ စစ်သည်များ စခန်းချခဲ့သည့် နေရာကို အစွဲပြု၍ တပ်ဝ၊ ရိက္ခာများသိုလှောင်ခဲ့ရာ ကြည်တော်စုဆိုသည့်အမည်များ ခေါ်တွင်ခဲ့ကြ၍ ဖြစ်သည်။

ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သက္ကရာဇ် ၄၂၀ ပြည့်နှစ်၌ အောက်ပြည်အောက်ရွာ သို့ တိုင်းခန်းလှည့်လည်ရင်း လေးမျက်နှာမြို့ဖြစ်လာ မည့်အရပ်သို့ ရောက်ရှိလာခဲ့သည်။ ငဝန်မြစ်နှင့် မဝေးလှသောနေရာ၌ ဉာဏ်တော် ၄၅ တောင်အမြင့် ရှိ စေတီတစ်ဆူတည်ထားခဲ့သည်။ တလိုင်းမင်းဆက် ဗညားဒလက စေတီတော်ကြီးကို ထပ်မံမွမ်းမံပြီး မုခ်လေးမုခ် ဆောက်လုပ်လှူဒါန်းခဲ့သည်။

ထိုမှ အလောင်းမင်းတရား ဦးအောင်ဇေယျ သည် ၁၁၁၅ ခုနှစ်တွင် တလိုင်း (၃) ရပ်ကို အောင်တော်မူပြီး လေးမျက်နှာအရပ်၌ အနော်ရထာမင်းကြီး တည်ထားခဲ့သောစေတီကို တွေ့ရှိရ၍ ဉာဏ်တော် ၇၅ တောင်အမြင့်အထိ တိုးမြှင့်တည်ထားပြီး မုခ်လေးမုခ်တွင် စေတီရံလေးဆူ တည်ခြင်း၊ စေတီရံ လေးဆူအတွင်း ရုပ်ပွားတော်လေးဆူ စံပယ်တော်မူစေခြင်းများ ပြုလုပ်လှူဒါန်းကာ စေတီတော် ကြီးကိုလည်း “စတုမုခ” စေတီဟု ဘွဲ့အမည် မှည့်ခေါ်၍ မော်ကွန်းတင်ခဲ့သည်။ ထိုမှ ၁၁၆၅ ခုနှစ်တွင် မြန်မာဘုရင်၏ ပဲ့နင်းကြီးသမန္တသည် စေတီတော်မြတ်ကြီးကို ထပ်မံပြုပြင်မွမ်းမံ၍ အရန် စေတီများ တည်ထားကာ “ထူပါရုံ” ဘွဲ့အမည် တိုးခဲ့သောကြောင့် “စတုမုခထူပါရုံ” စေတီတော် မြတ်ကြီးအဖြစ် ယနေ့တိုင် လူအများ ဖူးမြော် ကြည်ညိုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

တာဝတိံသာဘုရားဆင်းပွဲတော် ကျင်းပခဲ့

 

ရှေးယခင်က စတုမုခထူပါရုံစေတီတော်မြတ်ကြီးနှင့် ပတ်ဝန်းကျင်တွင် ဦးဘစိုဓမ္မာရုံ၊ ဦးလှဘော်တန်ဆောင်း၊ ဗုဒ္ဓဝိဟာရပြတိုက်၊ တာဝတိံသာဘုရားဆင်း တန်ဆောင်းတော်ကြီး၊ ပေ ၅၀၀ ကျော်ရှည်လျားသည့် နတ်လမ်းနှင့် နတ်လမ်း ဝဲ/ယာရှိ ဈေးဆိုင်ခန်းများစွာ၊ ဘေးပတ်လည်တွင် ဇရပ်ပေါင်းများစွာတို့ ရှိနေပါသည်။ စေတီ တော်မြတ်ကြီး၏ နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် တာဝတိံသာဘုရားဆင်းပွဲကို သီတင်းကျွတ်လပြည့် နေ့တွင် ကျင်းပပူဇော်ခဲ့ကြသည်။ မိုးလေကင်းလွတ် သည့် နတ်တော်လဆန်း ၁၀ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ဓမ္မပူဇာ တရားပွဲများ ကျင်းပပေးခဲ့ရာ တိပိဋကမင်းကွန်း ဆရာတော်ကြီး၊ တိပိဋကရေစကြိုဆရာတော်ကြီး၊ တိပိဋကယောဆရာတော်ကြီး၊ သပိတ်အိုင်ဆရာတော်ကြီး၊ ကျိုက်ဝိုင်း ဆရာတော် ဦးက္ကုန္ဒက၊ သထုံ ဆရာတော်၊ ပရဟိတဆရာတော် ဦးဇောတိပါလ၊ ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရတို့ ဟောကြားတော်မူခဲ့ဖူးသည်။ ပျော်ပွဲရွှင်ပွဲများတွင် လည်း ရှေးခေတ်က ဦးဖိုးစိန်ကြီး၊ ဦးအောင်မောင်း ဇာတ်အဖွဲ့များလာရောက်ကပြခဲ့ဖူးသလို ကျွန်တော် တို့နှင့် သက်တူရွယ်တူများ မီခဲ့ဖူးသည့် အလင်္ကာ ကျော်စွာ ရွှေမန်းဦးတင်မောင်၊ ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ ဦးစိန်မာဒင်၊ ပန်တျာကြည်လင်၊ တိုင်းချစ် ဦးတင်ငွေ၊ စိန်မြသန်း၊ ဘောလုံးစိန် ဇာတ်သဘင်အဖွဲ့များလည်း အပါအဝင်ဖြစ်သည်။ ဦးစိန်အောင်မင်း၏ နောက်ပိုင်းဇာတ်ထုပ်ကြီး ဖြစ်သော ရာဟုလာအမွေတောင်းခန်းမှာ သူ၏ သမီးဖြစ်သူ မင်းသမီးစီစီစိန်က ယသောဓရာအဖြစ် သရုပ်ဆောင်ခဲ့သည်။ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်၍ ဘုရားဖြစ်တော်မူပြီး ကပိလဝတ်ရွှေနန်းတော်သို့ ပြန်ကြွလာချိန်မှာ ယသောဓရာမင်းသမီးက သားတော်ရာဟုလာကို လက်ဆွဲပြီး ငိုချင်းချလျက် ကြိုတော်မူခန်းကို ကျွန်တော်အကြိုက်ဆုံးဖြစ်သည်။ မကြာသေးမီ လေးက Facebook ထဲမှာ ယင်းအခန်းပြန်ပေါ်လာ၍ အမှတ်တရ နားထောင်ဖြစ်ခဲ့သေးသည်။

 

မြို့ဟောင်းမှ မြို့သစ်သို့ ပြောင်းခဲ့ရသောလေးမျက်နှာ

 

လမ်းပန်းဆက်သွယ်ရေးမကောင်းဘဲ စက်လှေ၊ သမ္ဗန်များဖြင့် ရေလမ်းတစ်ခုတည်းကိုသာ အားကိုးအားထား ပြုနေရသော လေးမျက်နှာမြို့၏ ကံဇာတာသည် ၁၉၉၁ ခုနှစ်မှစ၍ ကံဇာတာအနိမ့် ပိုင်းသို့ ပို၍ပို၍ ရောက်လာခဲ့သည်။ ထိန်ငူတာကျိုး သဖြင့် လေးမျက်နှာမြို့နယ်အပါအဝင် ဧရာဝတီ တိုင်း ကိုးမြို့နယ် ရေကြီးရေလျှံဖြစ်ခဲ့သည်။ ၁၉၉၂- ၁၉၉၃ ခုနှစ်များတွင်မူ လေးမျက်နှာမြို့မရပ်ကွက် ရဲစခန်းဝင်းအနီးမှ ငဝန်မြစ်ရေက ထိုးခွဲဝင်ရောက် လာပြီး ကမ်းပြိုမှုများလည်း ဖြစ်ပေါ်ကာ မြို့ကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။ သည့်အတွက် ရေဘေး သင့်ရပ်ကွက်အားလုံး ငဝန်မြစ်အရှေ့ဘက်ကမ်းသို့ ရွှေ့ပြောင်း၍ မြို့သစ်တည်ပေးခဲ့ကြသည်။ မြို့ဟောင်းတွင် ယခင်က ထည်ထည်ဝါဝါရှိနေခဲ့ ကြသောခုံကြီးပိုင်းရပ်ကွက်နှင့် ခတ္တူရပ်ကွက်တို့သည် လေးမျက်နှာမြို့နယ်၏ ခုံကြီးကျေးရွာ၊ ခတ္တူကျေးရွာများအဖြစ် မြစ်အနောက်ဘက်ခြမ်းတွင် ကျန်ရစ်ခဲ့သည်။

 

mdn

 

ထူပါရုံစေတီတော်အတွက် ကမ်းထိန်းလုပ်ငန်းများ

 

ငဝန်မြစ်ရေတိုက်စားမှု၊ ကမ်းပြိုမှုတို့ကြောင့် လေးမျက်နှာမြို့တစ်ဝက်မက ရေအောက်သို့ ရောက်သွားခဲ့ရာ ယခင်က ငဝန်မြစ်နှင့် အတန်ငယ်ဝေးကွာသော သမိုင်းဝင် စတုမုခထူပါရုံစေတီတော် မြတ်ကြီးကိုပင် ကမ်းနဖူးက ဦးတိုက်လာခဲ့သည်။ တဖြည်းဖြည်း စိုးရိမ်ရသည့်အနေအထားသို့ရောက်လာခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူ၍ ကမ်းထိန်း ကမ်းဆည်လုပ်ငန်းများ စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ် မှ ၂၀၁၆ ခုနှစ်များအတွင်းကလည်း ဂေါပကအဖွဲ့သည် သက်ဆိုင်ရာဌာနများသို့သတင်းပို့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြိုကျမှုများ ဖြစ်ပေါ်လာ၍ ဦးဘစိုဓမ္မာရုံကြီးကို အနောက်ဘက်သို့ နေရာ ပြောင်း၍ ပြန်လည်ဆောက်လုပ်ခဲ့ရသည်။ ၂၀၁၆ ကမ်းပြိုမှုကြောင့် စေတီရင်ပြင်အနီးက အာရုံခံ တန်ဆောင်းကိုပင် ရွှေ့ပြောင်းခဲ့ရသည်။ ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိကာလများတွင်လည်း နိုင်ငံတော် သို့တင်ပြ၍ အထူးအစီအစဉ်ဖြင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Creation Co.,ltd က တာဝန်ယူလျက် ၂၀၁၉-၂၀၂၀ ခွင့်ပြု ရန်ပုံငွေဖြင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ၂၀၂၁ ခုနှစ်တွင် စေတီတော်ရှေ့တည့်တည့် ပြိုကျသောနေရာများတွင် ပိုင်များရိုက်ခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူလျက် ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် စေတီတော်ကြီးပတ်လည် အောက်ခြေခိုင်ခံ့မှု ရှိစေမည့် Bored Pile ကဲ့သို့ Foundation အုတ်မြစ် များဆောင်ရွက်ခြင်း၊ ရေထဲပိုင်းကာကွယ်ခြင်း၊ ကွေ့ကောက်နေသော ရေလမ်းကြောင်းအား ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရေလွှဲရေကာများ တည်ဆောက်ခြင်း၊ ရေလမ်းအား အနှောင့်အယှက် ပြုနေသော သောင်ခုံများ ဖြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ကျေးဇူးလည်း တင်မိပါသည်။ လုပ်ငန်းများအောင်မြင်ပြီး သမိုင်းဝင်စေတီတော်မြတ်ကြီး အရှည်တည်တံ့လျက် လေးမျက်နှာ ဒေသ၏ သာသနာရောင်ဝါ အစဉ် ထွန်းလင်းတောက်ပနေမည်ဟု ယုံကြည်မိပါသည်။

 

လေးမျက်နှာလွမ်းချင်း

 

ကျွန်တော် လေးမျက်နှာ အ.ထ.ကမှာ ၉ တန်း တက်နေသော ၁၉၇၅ ခုနှစ်၊ ထိုနှစ်တွင် စာရေး ဆရာများဖြစ်ကြသော ဆရာမောင်နေဝင်း၊ ဆရာ မင်းကျော်၊ ဆရာနတ်နွယ်နှင့် ရုပ်ရှင်မင်းသား ကိုသုမောင်တို့ လာရောက်၍ စာပေဟောပြောကြသည်။ ထိုစဉ်က သူတို့လာရသော ခရီးလမ်းအခြေ အနေမှာ ရန်ကုန် ကြည့်မြင်တိုင်ဘူတာမှ သာရဝေါ သို့ မီးရထားဖြင့်၊ သာရဝေါမှ ကူးတို့သင်္ဘောစီးကာ ဧရာဝတီတစ်ဖက်ကမ်းသို့ ရောက်၊ ထိုမှ ခေါင်းဆေးကျွန်း ခေါ် သဲသောင်ခုံကြီးကို ခြေကျင်ဖြတ်ပြီး ရွှေပြောင်ပြောင်ဘုရားအနီးမှ ဟင်္သာတမြို့သို့ဝင်၊ ရန်ကုန်-သာရဝေါရထားကို စောင့်နေသော၊ တစ်နည်းအားဖြင့် တစ်စီးတည်းသာ ကျန်တော့သော ချက်ပလက်ခေါင်းတို ကားကြီးပေါ်သို့ စုပြုံတိုးဝှေ့ တက်ကြပြီး ဆက်လက်၍ ခရီးနှင်၊ နတ်မှော်၊ နိဗ္ဗာန်၊ ယုံသလင်း၊ ခမောက်စုတို့ကိုဖြတ်ပြီး အိုင်သပြု ဆိုသော ငဝန်မြစ်ကမ်းနံဘေးက ရွာကြီးသို့ ရောက်၊ ဤမှာ ကားလမ်းကဆုံးပြီ။ နေလည်း အတော်စောင်းသွားပြီ။ ခရီးကားမဆုံးသေး၊ ငဝန်မြစ်ထဲမှာ စောင့်နေသော မော်တော်ဘုတ်ပေါ်တက်၍ လေးမျက်နှာသို့ ဆက်ထွက်ရသည်။ လေးမျက်နှာ မြို့ဟောင်းလေးသို့ ရောက်ချိန်သည် ညီအစ်ကိုမသိ တသိအချိန်ဟု ပြောရတော့မည်။ ဤကဲ့သို့ ရထား တစ်တန်၊ သင်္ဘောတစ်တန်၊ ကားတစ်လှည့်၊ မော်တော်ဘုတ်တစ်လှည့်ဖြင့် သွားပါမှ ဒုတ်ဒုတ် ထိရောက်ခဲ့သော လေးမျက်နှာ ရွှေမြို့တော်ဟောင်းကို လွမ်းရှာရော့ထင့်၊ ဆရာမင်းကျော်က ၁၉၈၃ ခုနှစ်ထုတ် လေးမျက်နှာမြို့နယ် စာတတ်မြောက်ရေး အထိမ်းအမှတ် မဂ္ဂဇင်းတွင် အမှတ်တရရေးထားခဲ့ သော ဆောင်းပါးတစ်ပုဒ်၏ ခေါင်းစဉ်မှာ “လေးမျက်နှာလွမ်းချင်း” ဟူသတဲ့လေ။

ထိုနည်းတူစွာပင် ကျွန်တော် ရွာကကျောင်းမှာ ၈ တန်းတက်နေသော ၁၉၇၄ ခုနှစ်၌ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် လေးမျက်နှာမြို့သို့လာပြီး စာပေဟောပြောသည်ကိုလည်း ဦးလေးများနှင့်အတူ လိုက်၍ နားထောင်ဖူးခဲ့သည်။ ဆရာကြီးကတော့ လေးမျက်နှာက အပြန်မှာ “သာ၍ဝေးရာဆီကိုပါ” ခေါင်းစဉ်ဖြင့် ဝတ္ထုစာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ဝတ္ထုထဲက အဓိကဇာတ်လိုက်များကတော့ ရန်ကုန်မြို့မှာ အရေးအခင်းတစ်ခုဖြစ်ပြီးကာလနှင့် တိုက်ဆိုင်စွာ ဦးခေါင်း၌ ထိခိုက်မိသောဒဏ်ရာ တစ်ခုကြောင့် စိတ်ဒဏ်ရာရထားသူ (Trauma) ထရောမားရောဂါရှင် တရားရုံးချုပ်ဝတ်လုံတော်ရ ကြီး ဦးသက်လွင်၊ သူ၏ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့၊ လေးမျက်နှာမြို့ဟောင်းသူ မသင်းနု၊ သူ၏ဖခင် ဘကြီးထွန်းသာ၊ မသင်းနု၏ သူငယ်ချင်းများဖြစ်ကြ သည့် အောင်ငြိမ်း၊ ထွေးမောင်နှင့် မလှစိန်၊ လေးမျက်နှာတွင် တာဝန်ကျနေသော ရဲမှူး ဦးတင့်လွင်၊ အင်းစိန်ထောင်ပြေး လူသတ်တရားခံ သိန်းအောင်၊ လေးမျက်နှာမြို့က စိတ်ဝေဒနာရှင် မင်းတရားဘအေး၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စိတ်ပညာဌာနမှ ကထိက ဒေါက်တာဦးမြင့်နွယ်တို့ ဖြစ်ကြသည်။ ဦးသက်လွင်က စိတ်ဝေဒနာရပြီး ရန်ကုန်မှ ပုသိမ်သို့ ရောက်ရှိလာ၊ ပုသိမ်-ဟင်္သာတ ရထားကိုစီးပြီး ခမောက်စုဘူတာမှာ ဆင်း၊ ထိုမှ ဆရာမင်းကျော်တို့ စာရေးဆရာအဖွဲ့လာသလို ကားတစ်တန်၊ စက်လှေတစ်တန်ဖြင့် လေးမျက်နှာ သို့ရောက်ရှိ၊ လေးမျက်နှာရောက်တော့ ကိုယ့်နာမည် ကိုယ်မေ့နေ၍ သာဓုခေါ်သံကြားရာမှ သူ့ကိုယ်သူ ကိုသာဓုဟု အမည်ပေးခဲ့၊ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့က အိမ်ထောင်ရေးဖော က်ပြန်နေသူဖြစ်သောကြောင့် ဦးသက်လွင် နေကောင်းပြီး ဘဝမှန်အသိမှန်ကို ပြန်ရသွားချိန်မှာ လေးမျက်နှာမြို့သို့ ပြန်လာပြီး မသင်းနုနှင့်ပေါင်းဖက်ထားသည့် ဇာတ်လမ်းဖြစ်ပါသည်။ ဆရာက သီချင်းကြီး သီချင်းခန့်များကိုလည်း ပိုင်နိုင်ကျွမ်းကျင်သူဖြစ်သောကြောင့် ဝတ္ထု၏ ဇာတ်ဝင်ခန်းတော်တော်များများမှာ သီချင်းကြီးများ ပတ်ပျိုးများကို ဖော်ပြပေးထားသည့် မြမြ မောင်းမောင်းပတ်ပျိုးထဲက ယွင်းစေ့ဝသုန် x x x လစန်းသော်တာယုန်သို့ x x x ကမ္ဘာကုန် ကျယ်သရွေ့ဝယ် x x x ဘယ်မေ့လိမ့်မလဲ x x x ကဲ့သို့သော တေးစာသားများ။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဆရာမင်းကျော်တို့က လေးမျက်နှာမြို့လေးအကြောင်း အမှတ်တရများ ရေးဖွဲ့သွားသကဲ့သို့ပင် ကျွန်တော်တို့သည်လည်းပဲ လေးမျက်နှာမြို့ဟောင်းလေးကို ကမ္ဘာကုန် ကျယ်သရွေ့ သတိရတမ်းတ အမှတ်ရနေဦးမည်သာ….။