လေ့လာစရာမကုန်နိုင်သေးသည့် ကိုဗစ်- ၁၉ နှင့် နောက်ထပ်တွေ့ရှိချက်အသစ်

ခြူးစန္ဒီနွေး

 

ကိုဗစ်-၁၉ ရဲ့ သဘောသဘာ၀တွေက လေ့လာလို့ မကုန်နိုင်မခန်းနိုင်အောင်ပါပဲ။ ဇူလိုင် ၇ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး နောက်ထပ်တွေ့ရှိချက်တစ်ခုကို ဆက်လက်လေ့လာ သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ဟာ လေထဲကနေ ကူးစက်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ လေ့လာမှုတွေဆက်လုပ်သွားမယ်ဆိုတဲ့ အချက်ပါပဲ။


နှစ်မီတာထက်ကျော်လွန်ပြီး ကူးစက်နိုင်

အပြည်ပြည်ဆိုင်ရာက သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းထားတဲ့အဖွဲ့က ကိုဗစ်-၁၉ ဟာ နှစ်မီတာထက်ကျော်လွန်ပြီး ကူးစက်နိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ယခုတွေ့ရှိချက်နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျတဲ့အချက်တွေကို ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ဗိုင်းရပ်စ်ဟာ ဘယ်လိုပုံစံနဲ့ ပျံ့နှံ့သလဲဆိုတာရယ်၊ လက်ရှိတွေ့ရှိချက်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးနေထိုင်သင့်သလဲဆိုတဲ့ လမ်းညွှန်ချက်တွေ သေချာမှုရှိအောင်လည်း အကျဉ်းချုံးဖော်ပြသွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။ ကိုဗစ်-၁၉ တိုက်ဖျက်တဲ့ နေရာမှာလူအချင်းချင်း နှစ်မီတာစီခြားပြီးနေဖို့ လမ်းညွှန်ထားခြင်းဟာ အဓိကလိုက်နာရမယ့် အချက်ပါပဲ။


သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁၁ ဒသမ ၆ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူကတော့ ၅၃၈၀၀၀ ကျော်ရှိနေပါပြီ။ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးပြီးခဲ့တာတောင် ကိုဗစ်-၁၉ ဟာ အားပျော့မသွားဘဲလူတွေကြားမှာ ဆက်လက်မင်းမူ ခြိမ်းခြောက်ဆဲပါပဲ။ အခုဆိုရင် ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့တွေ့ရှိချက် အသစ်ကြောင့် ဒီဗိုင်းရပ်စ်ဟာ လေထုထဲကနေ နှစ်မီတာကျော်တဲ့အထိ ကူးစက်ပျံ့နှံ့ နိုင်တယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာ ရှင်ပေါင်း ၂၃၉ ဦး ပါဝင်တဲ့အဖွဲ့က ဇူလိုင် ၆ ရက်မှာပဲ အတည်ပြု ပြောကြားခဲ့ပါတယ်။ ကူးစက်ခံထားရတဲ့ လူတစ်ဦးဟာ အသက်ရှူထုတ်လိုက်တဲ့အခါ အမှုန်အမွှားလေးတွေပါ စွန့်ထုတ်လိုက်ပါတယ်။ အရွယ်အစားအားဖြင့် ငါးမိုက်က္ကရို မီတာအောက်သေးငယ်တဲ့ အမှုန်အမွှားတွေဟာ လေထဲမှာ နာရီအနည်းငယ်ကြာအောင် ဆိုင်းနေနိုင်ပါတယ်။ နောက်ပြီး အဲဒီအမှုန်အမွှားတွေဟာ ၁ဝ မီတာအထိ ဆက်လက်ရွေ့သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပြပါတယ်။

 

ကြိုတင်ကာကွယ်ဖို့လို
ဒီနယ်ပယ်မှာ တွေ့ရှိချက်တွေ ထွက်ပေါ်လာပြီဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုရမှာပဲဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ကူးစက်ရောဂါထိန်းချုပ်မှု နည်းပညာရပ်ပိုင်းဆိုင်ရာခေါင်းဆောင် ဘန်နီဒတ်တာ အဲလီဂရန်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တွေ့ရှိချက်ကို ဖွင့်ဖောက်ကြေညာရမှာဖြစ်ပြီး ကူးစက်ခြင်းနဲ့ဆက်စပ်တဲ့ အကြောင်းခြင်းရာတွေကိုလည်း အသိအမှတ်ပြုနားလည်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်ကာကွယ်မှု နည်းလမ်းတွေကိုပါ သိထားရမှာပဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ကူးစက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်သိရှိလာရတဲ့အချက် အလက်တွေကို ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက သိပ္ပံ နည်းကျစုစည်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိုဗစ်-၁၉ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်မာရီယာဗန်ကက်ဟော့ဗ်က ပြောပါတယ်။ အခုရရှိထားတဲ့ အချက်အလက်တွေနဲ့ ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီမှုရှိဖို့လည်း အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။
 

လမ်းညွှန်ချက်ထုတ်သွားမယ်
လာမယ့်ရက်တွေအတွင်းမှာ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်သွားမှာဖြစ်သလို ဘယ်လိုပြုမူနေထိုင် သင့်သလဲဆိုတဲ့ အချက်အလက်တွေကိုပါ လမ်းညွှန်မှုပြုလုပ်သွားမှာပါ။ တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ဟာ အားပျော့သွားတဲ့ အရိပ်အယောင်မရှိဘူးဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယက်ဆုက ပြောလိုက်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်း နောက်ထပ်ကူးစက်ခံရမှုပေါင်း ၄၀၀၀၀၀ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်ကိုကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ အားပျော့သွားဖို့ဆိုတာ စဉ်းစားကြည့်လို့ မရသေးပါဘူး။

 

အရှိန်အဟုန်နဲ့ပျံ့နှံ့နေ
ကူးစက်ပျံ့နှံ့မှုနှုန်းဟာ အရှိန်အဟုန်နဲ့သွားနေပြီး အမြင့်ဆုံး ကူးစက်ခံရမှုနှုန်းကို ရောက်ပြီလား၊ မရောက်သေး ဘူးလားဆိုတာတောင် ကျွန်တော်တို့ မခွဲခြားနိုင်သေးပါဘူးဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အဆိုးတွေကြားထဲမှာ ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ချက်လည်း ရှိနေပါသေးတယ်။ အဲဒါကတော့ တချို့သော နိုင်ငံတွေမှာ လူသေဆုံးမှုနှုန်းကို သိသိသာသာကြီး လျှော့ချလာနိုင်တဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း သေဆုံးမှုဆက်လက်မြင့်တက်နေတဲ့ နိုင်ငံတွေကလည်း ရှိနေဆဲပါပဲ။ အခုဆိုရင် ကိုဗစ်-၁၉ ဟာ ကမ္ဘာကြီးကို ဓားစာခံတစ်ဦးလို ချုပ်ကိုင်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

 

ဘရာဇီးသမ္မတ၏ဖြစ်ရပ်
ကိုဗစ်-၁၉ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး လူပြောများလာတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကတော့ ဘရာဇီးသမ္မတပါပဲ။ ဘရာဇီး သမ္မတ ဂျာဘော်ဆွန်နယ်ရိုဟာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မထီမဲ့မြင်ပြုမှုတွေ၊ ဗိုင်းရပ်စ်ရဲ့ ကြောက်စရာကောင်းပုံကို အထင်သေးမှုတွေကြောင့် လူပြောများစရာ ဖြစ်ခဲ့ရပါတယ်။ ဇူလိုင် ၇ ရက်မှာတော့ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရခြင်းရှိ မရှိ ဆေးစစ်ခဲ့ရတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ သူ့ကို လျင်လျင်မြန်မြန်နဲ့ နေပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

 

ဆင်းရဲချမ်းသာမရွေး ကူးစက်နိုင်

ဒီဖြစ်ရပ်ကိုကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ဟာ အလွှာမခြားဘဲ ကူးစက်နိုင်တယ်ဆိုတာ ပြည်သူတွေကို လက်တွေ့ပြသ နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ကိစ္စရပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ရွိုင်ယန်က ပြောပါတယ်။ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်လာရင် ဆင်းရဲ၊ ချမ်းသာမရွေး လူတိုင်းထိခိုက်ခံစားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

 

အမေရိကန်ရဲ့ကြေညာချက်
ဒီလိုမျိုး အခြေအနေတွေရှိနေသော်လည်း ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ အမေရိကန်ကတော့ လာမယ့်နှစ် ဇူလိုင်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။ အမေရိကန် အစိုးရအဖွဲ့ဟာ လာမယ့်နှစ် ဇူလိုင်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ နုတ်ထွက်တော့မယ့်အကြောင်းကို ကုလသမဂ္ဂထံ ဇူလိုင် ၈ ရက် က တရားဝင်အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ တရားဝင်အကြောင်းကြားစာ ပို့ထားတယ်လို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးတစ်ဦးက အင်န်အိတ်ခ်ျကေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ထွက်ခွာမယ့် နေ့ရက်ကတော့ လာမယ့်နှစ် ဇူလိုင် ၆ ရက်လို့ သိရပါတယ်။


အားလျော့စရာဖြစ်လာမှာလား
အမေရိကန်သမ္မတ ထရမ့်ရဲ့စွပ်စွဲချက်ကတော့ ကိုဗစ်-၁၉ ဟာ လူအချင်းချင်း ကူးစက်နိုင်တယ်ဆိုတဲ့အချက်ကို အသိပေး မျှဝေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လုပ်ဆောင်မှုနောက်ကျခဲ့ရလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးဆုံးအလှူရှင်ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း ငွေကြေးထည့်ဝင်မှုဟာ အမေရိကန်ဒေါ်လာသန်း ၃၇၀ ကျော်ရှိပါတယ်။ အခုလို ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အရေးကြီးနေတဲ့ အချိန်မှာ အမေရိကန်ရဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ တရားဝင်အကြောင်း ကြားလာမှုဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အားလျော့စရာဖြစ်လာမှာတော့ စိုးရိမ်စရာပါပဲ။ ။

ကိုးကား-အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ