အင်းဝ၊  ၂၄  ဇန်နဝါရီ                           

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဗားကရာကျောင်းရှိ အနုပညာလက်ရာမြောက် ပန်းပုများမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး နိုင်ငံတကာခရီးသွား ဧည့်သည်များ အားထားလေ့လာကာ မှတ်တမ်းယူလေ့ရှိသော အနုပညာလက်ရာများအဖြစ် တည်ရှိသည်။

 

အင်းဝဗားကရာကျောင်းမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းသော သစ်သားကျောင်း တစ်ကျောင်းပင်ဖြစ်သည်။ ဗားကရာဟူသော အမည်ကပင် အဓိပ္ပါယ်နှစ်မျိုးဖြင့် စိတ်ဝင်စားဖွယ်ရာ ပင်ဖြစ်သည်။ ဗားဟူသောအဓိပ္ပါယ်မှာ ကျောင်းဖြစ်ပြီး ကရာမှာ ခရေပင်ကိုဆိုလိုပြီး ဗားကရာကျောင်း၏ အဓိပ္ပါယ်ကို ခရေပင်ကျောင်းဟု ဖွင့်ဆိုနိုင်သလို တစ်ဖက်တွင်လည်း ဗားဟူသည်မှာကျောင်းဖြစ်ပြီး ကရာမှာမြစ်ကမ်းပါး ချောက်ကမ်းပါးရှိ တောတန်းကိုဆိုလိုပြီး  ချောင်းကမ်းပါး မြစ်ကမ်းပါးအနီးရှိ တောတန်းကျောင်းဟုပင် ဖွင့်ဆိုနိုင်ကြောင်း သိရသည်။

 

ဗားကရာကျောင်းဇေတဝန်ဆောင်မကြီးအတွင်းသို့ ဝင်လိုက်သည်နှင့် လက်ရာမြောက်ပန်းပုရုပ်တုများက လာရောက်သူ အားလုံးကို စွဲဆောင်လျက်ရှိသည်။ ဥကင်မုခ်တံခါး၊ နယားရုပ်၊ နဂါးဖမ်းထားဟန် ဂဠုန်ရုပ်၊ ခြင်္သေ့ဘီး လူးရုပ်၊ လူပျံရုပ်၊ အောင်းရုပ်ကိန္နရာရုပ်၊ ကျေးငှက်ကလေးများ ပန်းလာလှူဟန် ပန်းပုရုပ်များနှင့် အခြားပန်းပုရုပ်များမှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။

 

ဗားကရာကျောင်းရှိ ရှေးဟောင်းပန်းပုလက်ရာများကို ပြည်တွင်း ပညာရှင်များကလည်း လေ့လာမှတ်တမ်းပြု ထားကြသည်။ ပညာရှင်များ၏ မှတ်တမ်းများအရ ဗားကရာကျောင်းတွင် အလှဆင်ထားသော ခြင်္သေ့ဘီးလူးရုပ်မှာ အင်းဝခေတ်(ညောင်ရမ်းခေတ်)လက်ရာဖြစ်ပြီး နဂါးဖမ်းဂဠုန်ရုပ်လက်ရာမှာ အမရပူရခေတ်(ကုန်းဘောင်ခေတ်လယ်) လက်ရာများဖြစ်သည်ဟု ဆိုထားသည်။ လူပျံရုပ်များကိုမူ ရတနာပုံခေတ်လက်ရာများဟု ယူဆနိုင်ကြောင်း လေ့လာ သုံးသပ်ထားသည်။ ပညာရှင်များ၏ လေ့လာသုံးသပ်မှုများအရ ဗားကရာကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက်ပြုပြင် ထိန်းသိမ်းမှုများကို ပြုလုပ်ခဲ့သည့်အတွက်  စံထားလောက်သည့် မြန်မာပန်းပုလက်ရာများစွာ တစ်စုတစ်စည်းတည်း လေ့လာနိုင်သော ကျောင်းတော်ကြီးပင် ဖြစ်သည်။ အထူးသဖြင့်  မြန်မာနိုင်ငံတစ် ဝှမ်းလုံးရှိ သစ်သားကျောင်းတော် များတွင် ဗားကရာကျောင်းတော်ကြီး၏ ဗိသုကာလက်ရာများမှာ ခေတ်အစောဆုံး လက်ရာများအဖြစ် ဂုဏ်ယူဖွယ် တည်ရှိနေကြောင်း သိရသည်။

 

ဗားကရာကျောင်းကို မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ် ဘိုးတော်ဘုရားလက်ထက်အတွင်း ဝန်အမတ်ကြီး နေမျိုးကျော်ထင်က ဆောက်လုပ်ခဲ့သည်။ သစ်သား ကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး  ကျွန်းတိုင်ပေါင်း (၂၆၇)လုံးပါရှိသည်။ အကြီးဆုံး ကျွန်းတိုင်၏ လုံးပတ်သည် (၉)ပေရှိသည်။ ဗားကရာကျောင်းအကျယ်အဝန်းမှာ အလျား (၁၈၈)ပေ အနံ(၁၀၃)ပေရှိသည်။

တိမ်တမန်