လေ့ကျင့်ရည်ပြည့်ဝပြီး ပါးနပ်ရန်လိုအပ်သည့် ရခိုင်ရိုးရာ ကျင်အားကစား

စစ်တွေ ၁၆ ဒီဇင်ဘာ 

 

ကျားသည် သားကောင်ကို ဖမ်းသည့်အခါ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ဖမ်းသကဲ့သို့ ဖျတ်လတ် လျင်မြန်ရသည့်အတွက် “ကျားလျင်”ဟု ခေါ်ရာမှ ကျင်ဖြစ်လာပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြေသို့ကျအောင် ကစားရသော အတတ်ပညာဖြစ်သည်။

 

 “လူမျိုးတိုင်း လူမျိုးတိုင်းမှာ သူတို့နဲ့ သက်ဆိုင်တဲ့နေ့ထူးနေ့မြတ်တွေ ရှိပါတယ်။ ရခိုင်ရိုးရာကျင်ကိုင်ပွဲကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အစဉ်အလာကြီးမားတဲ့ နှလုံးသည်းပွတ် နေ့ထူးနေ့မြတ်တစ်ခုပင် ဖြစ်ပါတယ်” ဟု (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောသည်။

 

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ရခိုင်တိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ ရိုးရာအစဉ် အလာကို ထိန်းသိမ်းရန်၊ မြတ်နိုးရန်၊ မျိုးဆက်သစ်လူငယ်များ ရိုးရာအမွေအနှစ်များကို တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီး ဦးကျော်လွင်က “ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေ အားလုံး စုပေါင်းပြီး ညီညီညာညာ၊ တက်ညီလက်ညီနဲ့ မြို့နယ်တိုင်းမှာ ကျင်းပပေးသင့်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီလိုနေ့တွေမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေ အားလုံးစုစည်းပြီးတော့ ပြည်နယ်ဖွံ့ဖြိုးမှုနဲ့ စည်းလုံးညွတ်မှုကို ပြသရမှာဖြစ်ပါတယ်။  အခုလိုပဲ ရိုးရာအစဉ်အလာပွဲတွေကို အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင် ရခိုင် ပြည်နယ်နေ့ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီးတော့ စည်ကားအသက်ဝင်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ကျင်းပပြီး ရခိုင်ပြည်နယ်လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်အားကစားမှူး ဦးအောင်စောမြ၊ ကျင်ကိုင်ပွဲဖြစ် မြောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှုမောဖွယ်ရာ ရခိုင်ရိုးရာ ကျင်ပညာကို ယိမ်းအကပုံစံဖြင့် မြင်းများခြံရံပြီး မင်္ဂလာစည်တော်များ၊ ရိုးရာအတီးအမှုတ်များဖြင့် ဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက တစ်ခဲနက်အားပေးကြသည်။

 

“အရင်နှစ်တွေက ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်တယ်။ ဒီနှစ် ဖွင့်ပွဲအခမ်းအနားမှာတော့ ကျင်ပညာပြကွက်တွေကို ယိမ်းအကအဖြစ် အစားထိုး တင်ဆက်ပြသတာ ဖြစ်ပါတယ်။ ကျင်ပညာပြကွက်က ၇၄ ကွက်ရှိတယ်။ ကျင်သန်သမားတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက် ၄၄ ချက် ရှိတယ်”ဟု ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးပိုင်က ပြောသည်။

 

ရခိုင်ရိုးရာကျင်ကိုင်ပွဲတွင် ရွှေ၊ ငွေတံဆိပ်ဆု စုစုပေါင်း ၁၀၀ ကျော်ခန့် ရရှိထားသည့် ပေါက်တောမြို့နယ် တောင်ညိုရွာမှ အသက် ၆၃ နှစ်ရှိ ဦးမောင်ထွန်းလတ်က “ကျွန်တော်က အသက် ၁၆ နှစ်ကစပြီး ဒုတိယတန်းစားဖြစ်တဲ့ ငွေမောင်းတန်းမှာ စတင် ဝင်ပြိုင်ခဲ့ပါတယ်။ စပြိုင်တဲ့ပွဲမှာပဲ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ပထမတန်းစားဖြစ်တဲ့ ရွှေမောင်းတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်မှာ ကျန်းမာရေးမကောင်းလို့ အနားယူလိုက်ရပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရွှေ၊ ငွေတံဆိပ်ပေါင်း ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ကျင်ရဲ့လျှို့ ဝှက်ချက်ကတော့ ဗလကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ လေ့ကျင့်ရည်ပြည့်ဝပြီး ပါးနပ် မှုနဲ့ ဆိုင်ပါတယ်” ဟု ပြောသည်။

 

ကျင်ကိုင်ပွဲတွင် အဓိကအားဖြင့် နှစ်မျိုးနှစ်စားရှိကြောင်း၊ ကျင်၏ အချင်းအရာ ဖြစ်သည့် တိုက်ကွက် သို့မဟုတ် အဖမ်းသမား၊ ခုခံကွက် သို့မဟုတ် အခံသမား ဆိုပြီးရှိကြောင်း၊ ကျင်သန်သမားနှစ်ဦးက အတိုက်နှစ်ခါ၊ အခံနှစ်ခါ တစ်လှည့်စီ ယှဉ်ပြိုင် ရကြောင်း၊ တစ်ဖက်သူအား မြေပေါ်သို့ကျအောင် တိုက်ခိုက်နိုင်သည့်သူကို အနိုင်ပေးကြောင်း သိရသည်။

 

ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပထမတန်းစားဖြစ်သည့် ငွေမောင်း တန်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မျိုးဆက်သစ်ဝါသနာရှင် အယောက် ၃၀၀ ကျော်ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပမည့် ပထမတန်း စားဖြစ်သည့် ရွှေမောင်းတန်း ဖိတ်ခေါ်ပြိုင်ပွဲကို နိုင်ငံတစ်ဝန်းမှ ချန်ပီယံ ကျင်သန် အယောက် ၄၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ဆုပေးပွဲကို ဒီဇင်ဘာ ၁၈ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို  စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပသွားဖြစ်သည်။ အဆိုပါကျင်ကိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဟူ၍ ဆုလေးဆု ထည့်သွင်းထားပြီး ရွှေမောင်းတန်းတွင် ပထမဆုအတွက် ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု အတွက်  ငွေကျပ် ၂၄ သိန်းနှင့် ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၆ သိန်း ပေးအပ်ချီး မြှင့်သွားမည်ဖြစ်ပြီး ငွေမောင်းတန်းတွင် ပထမဆုအတွက် ငွေကျပ်၂၄ သိန်း၊ ဒုတိယဆု အတွက် ငွေကျပ် ၁၆ သိန်းနှင့် ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။       

        

သတင်း-မော်စီ၊ ကိုမင်း၊   ဓာတ်ပုံ- တင်စိုး