လှေစီးဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခြင်း

သတင်းအဖွဲ့

 

 

ဇွန် ၁၁ ရက်  နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စီးနှင့် အမျိုး သား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိ သူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး   လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်ခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည်။

 

 

အဆိုပါ အဖွဲ့အား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့် အတူ    မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးတို့နှင့် တာဝန်ရှိသူများနှင့် အတူ  ဇွန် ၁၂  ရက်   ညနေပိုင်းတွင် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိပြီး လှေစီးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ယခုလုပ်ငန်းစဉ်သည် ဒုက္ခရောက်နေ သူများအား မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကူညီခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားဟု ထွက်ဆို သူများအား သံတမန်နည်းလမ်းဖြင့် လိုအပ်သောစီစဉ်ဆောင်ရွက်မှုများ ပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၌ အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများကိုလည်း ဘူးသီး တောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဆွေမျိုးများထံသို့ ဆက်လက်ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း၊ စီစဉ်မှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း စခန်းအ တွင်း   စည်းကမ်းတကျ နေထိုင်၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ အခက်အခဲ များ ရှိလျှင် ပွင့်လင်းစွာ တင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။ 

 

 

 

ရှာဒရာဘီဘီ

 

ဘင်္ဂလားဒေ့ရှ်ဘက်မှာ အမေရဲ့ညီမ အဒေါ်နဲ့ အမျိုးတွေရှိပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို သွားတာပါ။ သူများတွေက မလေးရှားသွားချင်ကြတယ်။ အဒေါ်က ကျန်းမာရေးမကောင်းဘူး။ အဲဒါကြောင့် အမျိုးတွေရော၊ အဒေါ်ရောရှိတဲ့ ဘင်္ဂလား ဒေ့ရှ်ဘက်ကို သွားတာပါ။ သွားပြီးပြန်လာတာပါ။ ဒီဘက်မှာက ကျွန်မအမေနဲ့ အဖေ လည်းရှိပါတယ်။ ဒါ့ကြောင့်လည်း ပြန်လာတာဖြစ်ပါတယ်။

 

 

 

 မာမောတ်ရှော်ဖိက်

ဘော်ဒေါ်ဆော့ရားရွာ၊ ကော့စ်ဘဇာမြို့နယ်

 

ကျွန်တော်က မလေးရှားနိုင်ငံကိုသွားမလို့ပါ။ မလေးရှားနိုင်ငံမှာ ကြုံရာအလုပ် လုပ်ဖို့ ရည်ရွယ်တာပါ။ အဲဒီမှာ ဆွေမျိုးသားချင်း မရှိဘူး။ ကျွန်တော်တို့ဆီကတော့ အလုပ်သွားလုပ်တဲ့သူ အများကြီးရှိပါတယ်။ သူတို့လို အလုပ်သွားလုပ်ချင်လို့ ပွဲစားနဲ့ ဆက်သွယ်ခဲ့တာပါ။ ပွဲစားနဲ့က သိတော့မသိပါဘူး။ ဒါပေမယ် အဆင်ပြေမယ်ထင်လို့ ဆက်သွယ်ခဲ့တယ်။  လူတော်တော်များများကို အဲပွဲစားက မလေးရှားဘက်မှာ အလုပ်ရ မယ်၊ အဆင်ပြေမယ်ဆိုပြီး စည်းရုံးပါတယ်။ မလေးရှားဘက်ကိုသွားပြီး အလုပ်လုပ်ဖို့ ပွဲစားကို ပိုက်ဆံပေးရပါတယ်။ မလေးရှားအရောက် အပြီးအစီး ကာတာငွေ တစ်သိန်း ရှစ်သောင်း ပေးရပါတယ်။ ပွဲစားက ပထမဆုံး လှေနဲ့သွားမယ်ပြောပါတယ်။ ပြီးမှ သင်္ဘောပေါ်တက်ပြီး မလေးရှားကို သွားမယ်ပြောပါတယ်။ အဲလိုသွားဖို့လုပ်ရင်း ဒီကိုရောက်လာတာပါ။ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်။   

 

 

အခု မြန်မာနိုင်ငံရောက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ မလေးရှားကို သွားချင်တယ်။ မလေးရှားမှာက ကျွန်တော့် မိဘတွေ ရှိပါတယ်။ ပြီးတော့ မလေးရှား ငွေတန်ဖိုးကမြင့်တယ်၊ ဒါကြောင့် မလေးရှားဘက်မှာ တစ်နေ့အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံက ဘင်္ဂလားဒေ့ရှ်မှာ အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံထက် ပိုများတယ်။ အဲဒါ ကြောင့် အဲမှာပဲ အလုပ်လုပ်ချင်တာပါ။ မှောင်ခိုလမ်းနဲ့တော့ မသွားချင်တော့ဘူး။ အစိုးရ ကူညီထောက်ပံ့မှုနဲ့ပဲ သွားချင်ပါတယ်။

 

 

ကျွန်တော်တို့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံ အစိုးရဘက်က ထောက်ပံ့ပေးတယ်။ ကူညီပေးတယ်။ စောင့်ရှောက်ပေးပါတယ်။ အဲဒီအတွက် အင်မတန် ကျေးဇူးတင်ပါတယ်။ 

 

 

 

မီဇာနူရော်မော်မန်

တက်နက်မြို့နယ်၊ နေယာဖာရောကျေးရွာ

 

မလေးရှားနိုင်ငံကို သွားတာပါ။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရင် ပိုက်ဆံ အများကြီးရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်လုပ်ရတာ ပင်ပန်းပါတယ်။ ကျွန်တော့် မိဘတွေက အသက်ကြီးပါပြီ၊ ကျွန်တော်က မိဘတွေကို လုပ်ကိုင်ကျွေး ချင်ပါတယ်။ မလေးရှားက ပိုက်ဆံပိုရပြီး အလုပ်လုပ်ရတာလဲ ဘင်္ဂလားဒေ့ရှ်မှာလောက် မပင်ပန်းဘူးလို့ ပြောကြပါတယ်။ ကျွန်တော်က ဘင်္ဂလားဒေ့ရှ် ဘောလုံးသမား တစ်ယောက်ပါ။ 

 

 

ကျွန်တော်က သွားချင်တယ်၊ ဒီတော့ ပွဲစားနဲ့ ချိတ်ဆက်ပါတယ်။ ပွဲစားကို ကာတာငွေ တစ်သိန်းရှစ်သောင်း ပေးရပါတယ်။ ဒီလိုနဲ့ စက်လှေနဲ့ သွားတော့ မုန်တိုင်း မိပါတယ်။ စက်လှေပျက်ပြီးတော့ မြန်မာနိုင်ငံကို ရောက်လာတာပါ။ မြန်မာအစိုးရက ကောင်းကောင်းမွန်မွန်နဲ့ ကူညီထောက်ပံ့ စောင့်ရှောက်ပေးထားပါတယ်။ အဆင်ပြေ ရင်တော့ အစိုးရအကူအညီနဲ့ ကိုယ့်နိုင်ငံ ဘင်္ဂလား ဒေ့ရှ်ကို ပြန်ချင်ပါတယ်။

 

 

 

 

မိုဟာမက် ဇေလောက်အူဒိန် 

ကောစ်ဘဇာမြို့နယ်၊ ဆော်ဖောရ်ရောန်ဒီးကျေးရွာ

 

မလေးရှားနိုင်ငံကိုသွားရင် ပင်ပန်းမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ တစ်နေကုန်အလုပ်လုပ်လည်း  အလုပ်လုပ်လို့ရတဲ့ပိုက်ဆံက မိသားစုအတွက် မလောက်ငှပါဘူး။ ဒါ့ကြောင့် စွန့်စားပြီးသွားတာပါ။ သွားရင်းနဲ့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကို ရောက်လာတာပါ။ ဒီကိုရောက်လာတာတော့ မြန်မာ အစိုးရက ကူညီထောက်ပံ့ပေးပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ ဒီစခန်းမှာနေဖို့လည်း ပြောပါတယ်။ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီလို လည်း နေထိုင်မှာပါ။ မြန်မာအစိုးရရဲ့ အကူအညီနဲ့ ကိုယ့်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ပြန်သွားချင်ပါတယ်။ 

 

 

 

 

ဒီရှာ

မောင်တောမြို့နယ်၊ မြို့မ ကညင်တန်းကျေးရွာ

 

ကျန်းမာရေးမကောင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုဖို့ သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်နေ ဆေးကုပြီး ပြန်လာတယ်၊ ဘင်္ဂလားဒေ့ရှ်ကနေ ဒီဘက်ကို လာဖို့အတွက် လောင်းလှေစီးခ ကာတာငွေ ငါးထောင်ပေးရပါတယ်။ ပြီးတော့ လောင်းလှေပေါ်မှာ လူတွေကများတယ်။ ပြီးတော့ လှေထဲကို ရေတွေဝင်တော့ ကြောက်ပြီး ငိုကြတယ်၊ ဒီလိုနဲ့ မလေးရှားသွားမယ့် စက်လှေနဲ့ တွေ့တယ်။ ပြီးတော့ စက်လှေပေါ်တက်ကြတယ်၊ စက်လှေပေါ်တက်ပေမယ့် မလေးရှားသွားမယ့် စက်လှေ မှန်း မသိဘူး။ စက်လှေပေါ် ရောက်ပြီး နောက်နေ့မနက်ကျ စက်လှေကလည်း ပျက်သွားတော့ သုံးရက်လောက် မျောနေပါတယ်။ နောက်မြန်မာ နိုင်ငံဘက် ရောက်လာ တာဖြစ်ပါတယ်။