လော့စ်အိန်ဂျလိစ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ နှစ်ဆကျော်မြင့်တက်

လော့စ်အိန်ဂျလိစ် ဒီဇင်ဘာ ၂၄

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၏ လူဦးရေအထူထပ်ဆုံးတစ်ခုဖြစ်သည့် လော့စ်အိန်ဂျလိစ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၀၅၂ ဦးမှ ၆၅၀၉ ဦး အထိ နှစ်ဆကျော်မြင့်တက်လာကြောင်း ပြည်သူ့ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

ရုတ်တရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် မြင့်တက်လာခြင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာလတစ်လျှောက် မကြုံစဖူးထူးကဲစွာ တွေ့မြင်ရသည့် အခြေအနေတစ်ခုဖြစ်သည်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု တိုးလာခြင်း၏ သက်ရောက်မှု တစ်ခုလည်းဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်က အိုမီခရွန်ဗိုင်းရပ်စ်သစ် ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၂ ဦးရှိကြောင်း ဖော်ပြခဲ့သည်။ ပြည်သူ ၁၀ သန်းကျော်နေထိုင်သည့် လော့စ်အိန်ဂျလိစ်တွင် လတ်တလော ကိုဗစ်-၁၉ ဖြင့် ဆေးရုံတင်ထားရသူ ၇၄၈ ဦးရှိသည်။ ဒီဇင်ဘာ ၂၂ ရက် ကိုဗစ်-၁၉ ပိုးတွေ့မှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကာ လွန်ခဲ့သော သီတင်းပတ်ကထက် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၁၉ ဦး ထပ်မံသေဆုံးခဲ့သဖြင့် လော့စ်အိန်ဂျလိစ်တွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၇၄၈၈ ဦးရှိပြီး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၁၅၇၆၇၀၂ ဦးရှိသည်။

ယခုနှုန်းအတိုင်း ဆက်လက်တိုးနေပါက  လော့စ်အိန်ဂျလိစ်တွင် ယခုနှစ်ကုန်လျှင် တစ်နေ့လျှင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၀၀၀၀ အထက် ရှိလိမ့်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် လော့စ်အိန်ဂျလိစ်သည် တစ်ချိန်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာတစ်ခုဖြစ်ခဲ့သည်။

ဆင်ဟွာ