လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အဲရစ်တန်ဟက်ကို ခန့်အပ်ဖို့ မန်ယူ ဆန္ဒရှိနေ

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ အသင်းရဲ့လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အေဂျက် အသင်းနည်းပြ အဲရစ်တန်ဟက်ကို ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက နည်းပြဆိုးရှားကို ထုတ်ပယ်ပြီးကတည်းက ရန်းနှစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ရန်းနစ်ဟာ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက် အပြင် ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကိုလည်း ခေါ်ယူခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပေမယ့် အဲရစ်တန်ဟက်နဲ့ ပိုချက်တီနိုတို့ဟာ လက်ရှိအသင်းအသီးသီးနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်ရောက်ရှိမှသာ ကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။

အဲရစ်တန်ဟက်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက အေဂျက်အသင်း နည်းပြဖြစ်လာခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ နယ်သာလန်လိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်တဲ့အပြင် လက်ရှိမှာလည်း နယ်သာလန်လိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါ တယ်။

မန်ယူအသင်းနည်းပြရာထူးကို ဘယ်နည်းပြပဲ တာဝန်ယူကိုင်တွယ်စေကာမူ မန်ယူအသင်းနည်းပြ ဖြစ်လာသူဟာ ပေါ့ဘာ၊ လင်ဂတ်၊ ကာဗာနီနဲ့ မာတာတို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ နွေရာသီအပြောင်း အရွှေ့ကာလအတွင်းမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ တိုက်စစ်မှူး စီရိုနယ်လ်ဒိုအပါအဝင် ထိပ်တန်းအဆင့်ရှိ ကစားသမား အများစုဟာ မန်ယူအသင်းနဲ့အတူ အနာဂတ်ဆက်ရှိဖို့ မသေချာတဲ့အနေ အထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိယာယီနည်းပြ ရန်းနစ်ကတော့ မန်ယူအသင်းမှာ နောက်ထပ်နှစ်နှစ်ကြာ ထပ်ပြီးတာဝန်ယူကိုင်တွယ်နိုင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ နည်းပြရန်းနှစ်ကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်ထားတာ မရှိဘဲ အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုတို့ကိုသာ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်