လွှဲပြောင်းရေး နောက်ကျခဲ့မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် လူတွေ ပိုသေနိုင်ကြောင်း  ရွေးကောက်ခံသမ္မတ ဘိုင်ဒန် သတိပေး

၁၇ နိုဝင်ဘာ

 

 

အမေရိကန် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အာဏာလွဲပြောင်းရေးကို  အချိန်ဆွဲခဲ့မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူတွေ ပိုသေနိုင်တယ်လို့  တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

 

 

နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရ ရွေးချယ်ခံသမ္မတ ဂျိုးဘိုင်ဒန် ရဲ့ အနိုင်ရမှုကို ဒေါ်နယ်ထရမ့်က လက်ခံဖို့ ငြင်းဆန်နေပါတယ်။ အဲဒီလို ငြင်းဆန်နေတဲ့အတွက် အိမ်ဖြူတော်မှာ တာဝန်လွှဲပြောင်းရေး လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေပါတယ်။

 

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒန်ဟာ Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်မဲ အရေအတွက် ၃၀၆ မဲရရှိပြီး အနိုင်ရရှိ ခဲ့ပါတယ်။ အဲဒီဆန္ဒမဲအရေအတွက်ဟာ သမ္မတအဖြစ် ရွေးကောက်ခံမဲ ၂၇၀ ထက် များစွာပိုများနေတာကို တွေ့ရပါတယ်။  ဒါပေမယ့် တနင်္လာနေ့ကအထိ သမ္မတ ထရမ့်က ရွေးကောက်ပွဲမှာ သူနိုင်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

 

မိုဒါမာ ဆေးကုမ္ပဏီကနေ သူတို့ထုတ်လုပ်မယ့် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ၉၄.၅ ရာခိုင်နှုန်း အစွမ်းထွက်ကြောင်း ကြောညာပြီးနောက် ရွေးကောက်ခံသမ္မတ ဘိုင်ဒန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို အတတ်နိုင်ဆုံး အမြန်ဆုံး ဖြန့်ချိနိုင်ရန်အတွက် ထရမ့် အစိုးက ရွေးကောက်ခံသမ္မတ ဘိုင်ဒန်နဲ့ ပူးတွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂၀ ရက် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့အထိ စောင့်ပြီးမှ ဆေးဝါးဖြန့်ချိရေးတွေ လုပ်ဆောင်ရမယ်ဆိုရင် လူတွေ ပိုသေသွားနိုင်ကြောင်း ဘိုင်ဒန်က မနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP