လဲချားတွင် ပထမအကြိမ် မဲစာရင်းကြေညာခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပ

လဲချား ၃၀ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ပထမအကြိမ် မဲစာရင်း ကြေညာခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းတင်က ပထမအကြိမ် မဲစာရင်းကြေညာရာတွင် လိုအပ်ချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ “ရှမ်းပြည်နယ်တွင် လဲချားမြို့သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ တစ်ခုတည်းသော မြို့နယ်ဖြစ်သည့်အလျောက် ပြည်တွင်းပြည်ပ မီဒီယာများက စိတ်ဝင်စားလျက်ရှိကြောင်း၊ ပထမအကြိမ် မဲစာရင်းကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ကပ်ထားမည်ဖြစ်၍ မဲစာရင်းများကို မဲဆန္ဒရှင်များက လာရောက်ကြည့်ရှုနိုင်ရေး၊ မိမိအမည်မပါလျှင် ပုံစံ(၃)၊ မပါသင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ အချက်အလက်မမှန်ကန်ပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်နိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ ကြေညာထားရန်ဖြစ်ကြောင်း၊

အဆိုပါ ကြေညာရက်များအတွင်း မဲဆန္ဒရှင်များအား မဲစာရင်းများ လာရောက်ကြည့်ရှုနိုင်ရေး စည်းရုံး ရန်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ကပ်ထားဆောင်ရွက်နိုင်ရေး စသည့်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့က လိုအပ်သည်များကို အသေးစိတ် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ရာ တက်ရောက်လာသူ နိုင်ငံရေးပါတီများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

ကေသီ(ပြန်/ဆက်)