လားရှိုးမြို့၌ ပထမဦးဆုံးအကြိမ် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ဖော်ဆောင်ပေး

လားရှိုး ၂ နိုဝင်ဘာ 

 

လားရှိုးမြို့  လားရှိုးတက္ကသိုလ်ဝန်းအတွင်း၌ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရေး ရည်ရွယ် ချက်ဖြင့် မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် (၁၉)ဇုန် ရှိသည့်အနက်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပထမဦးဆုံးအကြိမ် အခမဲ့သင်တန်းပို့ချခြင်းဖြစ်ပြီး လုပ်ငန်းဇုန်များအလိုက် သတ်မှတ်အရည်အချင်းများဖြင့် ကိုက်ညီသောနေရာများတွင် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်မိုးကြည်က ဘွဲ့ရလူငယ်များမှသည်သာမက လုပ်ငန်းအားစိတ်ပါဝင်စားသော အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့်ရှိသူများလည်း လုပ်ကိုင်နိုင်ပြီး၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်မရရှိသော လူငယ်လူရွယ် စိတ်ပါဝင်စားသူများအား အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးကို ဦးစားပေးဆောင်ရွက်နေသည်ဖြစ်ကြောင်း ပြောသည်။

 

ထို့အပြင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများသည် နိ်ုင်ငံတော်က သတ်မှတ်ထားသော အနိမ့်ဆုံး လုပ်ခလစာကို ရရှိခံစားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ထိုးဖောက်နိုင်ရေး၊ လူငယ်များ အလုပ်အကိုင်ရရှိစေရေး၊ မိမိတို့ဒေသရှိ စိတ်ဝင်စားဖွယ်နေရာများဖော်ထုတ်ပြီး အာရှဒေသခရီးသွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့ဒေသအား ပိုမိုထိုးဖောက်နိုင်ရေး ရည်ရွယ်ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)