လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံသို့ ငွေကျပ်သိန်း(၁၀၀) လှူဒါန်း

လားရှိုး ဇူလိုင် ၁၇

 

လားရှိုးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက အထူးကြပ်မတ် စောင့်ကြည့်ကုသဆောင်များကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး စင်တာများသာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေးစင်တာ၊ ပညာရေးကောလိပ် စောင့်ကြည့်ကုသရေး စင်တာများ ဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက်ရှိသည်။

 

ထို့ပြင် လူဦးရေ(၈၀)ဆံ့ အောက်ဆီဂျင်လိုအပ်လူနာများအတွက် ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသရေး စင်တာကိုလည်း ပြင်ဆင်ထားရှိပြီး CCTV ဖြင့် အနီးကပ်ကြပ်မတ် ကုပေးနိုင်ရန်အတွက်လည်း ပညာရေးကောလိပ်တွင် ထပ်မံပြင်ဆင်နေပြီဖြစ်ကာ မကြာမီရက်ပိုင်းတွင် စတင်ကုသပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ရန်ပုံငွေကြီးကြပ်ရေး ကော်မတီထံသို့ ဇူလိုင် (၁၇) ရက် နံနက်ပိုင်းက ခမ်းရွှေကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရေးအတွက် အလှူငွေကျပ်သိန်း (၁၀၀) ကို ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ် ခဲ့ကြသည်။

 

လားရှိုးမြို့တွင် ဇူလိုင်(၁၆)ရက် ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ (၁၀၀၂) ဦးရှိပြီး ဆေးရုံဆင်းသူဦးရေမှာ (၅၈၀) ဦးရှိကြောင်း သိရှိရသည်။

 

အလှူရှင်များအနေဖြင့် ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီထံသို့ လာရောက်လှူဒါန်းနိုင်ကြသလို ရန်ပုံငွေကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်ဇော်ထွန်း ခရိုင်စီမံကိန်းမှ ဒုတိယညွှန်ကြားရေးမှူး ၀၉-၂၀၃၄၅၀၈ ထံသို့လည်းကောင်း၊ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး ၀၉-၂၁၅၀၄၇၀ ထံသို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)