လာမည့်နှစ် မေလမတိုင်မီ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရေး အစီအစဉ် ဖိလစ်ပိုင်နိုင်ငံ စတင်မည်

၅  နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ် မေလမတိုင်မီ ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု စတင်နိုင်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေး တင်သွင်းရေးနှင့် ဖြန့်ဖြူးရေးအစီအစဉ်ကို ဦးဆောင်ရန် မကြာသေးမီက တာဝန်ပေးခံရသူ သမ္မတရုံးအကြံပေး ကာလစ်တိုဂါလ်ဗက်ဇ်က ပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ် ပထမသုံးလအတွင်း  ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးမှု အစီအစဉ်က ငွေကြေးထောက်ပံ့မှု၊ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထုတ်လုပ်မှုနှင့် အတည်ပြုမှုအပေါ် ကြီးမားစွာ မူတည်မည်ဟု ဂါလ်ဗက်ဇ်က ပြောသည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးမည့်အချိန်နှင့်ပတ်သက်၍ မေးမြန်းရာတွင် “စီစဉ်ထားတဲ့အတိုင်းဆိုရင် လာမဲ့နှစ် မေလထက်နောက်မကျဘဲ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမဲ့ အစီအစဉ် စတင်နိုင်မှာဖြစ်ပါတယ်” ဟု ၄င်းက ဖြေ ကြားခဲ့သည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး ရောင်းအားနှင့်ဝယ်အားတွင် အခက်အခဲများရှိပါက ကာကွယ်ဆေးထိုးမည့် အစီ အစဉ်ကို ၂၀၂၁ ခုနှစ်အကုန်တွင် စတင်နိုင်ကြောင်း သူက ဆိုသည်။

 

ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၉၈၇ မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့ရာ လေးလအတွင်း တစ်ရက်တာ ကူးစက်မှု အနိမ့်ဆုံးဖြစ်လာခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံ၌ လက်ရှိအချိန်ထိ အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၈၈၁၃၇ မှုနှင့် သေဆုံးသူ ၇၃၆၇ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ABS