လာဇီယိုကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည့် အင်တာမီလန်

အီတလီစီးရီးအေ ပွဲစဉ် (၂၁)၏ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် အင်တာမီလန်အသင်းနှင့် လာဇီယိုအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ဆန်စီယိုကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ အင်တာမီလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင် နိုင်ခဲ့သည်။

အင်တာမီလန်အသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် စီးရီးအေရှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည့် မှတ်တမ်း တစ်ရပ်ပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် အင်တာမီလန်အသင်းသည် စီးရီးအေ ပွဲ ၂၀ ကစားပြီး ရမှတ် ၄၉ မှတ်နှင့်အတူ ဒုတိယနေရာမှ မြို့ခံပြိုင်ဘက် အေစီ မီလန်အသင်းထက် တစ်ပွဲလျှော့ကစားပြီး တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ လာဇီယိုအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိလျှင် ရမှတ် ၃၅ မှတ်ဖြင့် အဆင့် (၆) နေရာအထိ ယာယီတက်လှမ်းခွင့် ရရှိမည်ဖြစ်သော်လည်း လွဲချော်ခဲ့သည်။

ပွဲချိန် ၁၇ မိနစ်တွင် မာတီနက်ဇ်က အင်တာမီလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက် လာဇီယိုအသင်း သက်သာရာရခဲ့သည်။ သို့သော်လည်း မိနစ် ၃၀ တွင် အင်တာမီလန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဘတ်စ်တိုနီကသွင်းယူ ပေးနိုင်ခဲ့သည်။ လာဇီယို အသင်းကလည်း ပွဲချိန် ၃၅ မိနစ်တွင် ချေပဂိုး သွင်းယူနိုင်ခဲ့သည့် အတွက် ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့် အကြိတ်အနယ်ရှိခဲ့သည်။

ဒုတိယပိုင်းတွင် အင်တာမီလန်အသင်းက လာဇီယိုအသင်းကို ဖိအားပေးထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဒုတိယဂိုးရယူနိုင်ခဲ့သည်။ အဆိုပါဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဆက်ကရီနီယာက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်ကာ သွင်းဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အင်တာမီလန် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အခြားသော စီးရီးအေပွဲစဉ် ရလဒ်များတွင် စပီဇီယာက ဂျီနိုအာကို တစ်ဂိုး-ဂိုးမရှိ၊ ဂျူဗင်တပ်စ်က ရိုးမားကို လေးဂိုး-သုံးဂိုး၊ စလာနီ တာနာက ဗီရိုနာကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

အောင်ဇော်