လာဗင်ဒါပန်းလှလှလေးတွေက ပေးတဲ့ကျန်းမာရေး

လာဗင်ဒါလို့ ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုး စေသလို မျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။

 

လာဗင်ဒါဆိုတာက  

 

လာဗင်ဒါဆိုတာက မြေထဲပင်လယ်နဲ့အိန္ဒိယမျိုးရင်းအပင်တွေပါ။ စိုက်ပျိုးရလွယ်ကူတဲ့ အပင်တစ်မျိုး ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ဝ ကျော်လောက်ကတည်းကပေါက်ရောက်ခဲ့တာပါ။ အာရှဒေသ တော်တော်များများမှာ ရှေးယခင်ကာလကတည်းက အနာကျက်စေဖို့အတွက် အသုံးပြုခဲ့ပါတယ်။

 

လာဗင်ဒါကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေများဖြစ်မလဲ..

 

ခရမ်းရောင်သန်းတဲ့ လာဗင်ဒါပန်းက အခုလိုအကျိုးကျေးဇူးတွေပေးစွမ်းပါတယ်။

 

စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ်

 

လေ့လာမှုတစ်ရပ်အရ လာဗင်ဒါအဆီက စိုးရိမ်မှုကိုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေသက်သာစေဖို့အတွက် လာဗင်ဒါအဆီကို အသုံးပြုလို့ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက်လည်း တော်တော်လေးအသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ နဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ဓာတ်ကျ တာတွေကို သက်သာစေနိုင်ပါတယ်။

 

ဆီးချိုသက်သာစေနိုင်တယ်

 

၁၅ ရက်ကြာလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လာဗင်ဒါဆီက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးတာအပါအဝင် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးစေနိုင်သလို အသည်းကျန်းမာစေနိုင်ပါတယ်။

 

ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေတယ်

 

လာဗင်ဒါဆီက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အယ်လ်ဇိုင်းမားအပါအဝင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကိုပါ ကာကွယ်ပေးပါတယ်။ အာရုံကြောဆဲလ် လေးတွေကို ကျန်းမာစေနိုင်ပါတယ်။

 

နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်

 

သဘာဝ အကိုက်အခဲပျောက်ဆေးတစ်ခုပါ။ ရာသီလစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အတွက် လာဗင်ဒါဆီကို လူးပြီး နှိပ်ပေးလို့ရပါတယ်။ ဇက်ကြောတက်တာ၊ ကိုယ်လက် ကိုက်ခဲတာတွေကို သက်သာစေဖို့အတွက်လည်း လာဗင်ဒါဆီကို အသုံးပြုပေးလို့ရပါတယ်။

 

ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်တယ်

 

ထိခိုက်ဒဏ်ရာတွေကို သက်သာစေဖို့အတွက်လည်း လာဗင်ဒါဆီကို လူးပေးလို့ရပါတယ်။ အနာကျက် မြန်စေနိုင်သလို အရေပြားတစ်ရှုးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ပြတ်ရှဒဏ်ရာ ကနေစလို့ ထိခိုက်ဒဏ်ရာအမျိုးမျိုးအတွက် လာဗင်ဒါအဆီကို လိမ်းပေးလို့ရပါတယ်။

 

အိပ်ပျော်စေနိုင်တယ်

 

လာဗင်ဒါပန်းရနံ့က အိပ်မပျော်တာကို သက်သာစေနိုင်သလို အိပ်ပျော်စေနိုင်ပါတယ်။ အစိုဓာတ် ထိန်းစက်ထဲမှာ လာဗင်ဒါဆီထည့်ပြီး အငွေ့ရှုပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေမှာ အသေအချာပါ။

 

အသားအရေကျန်းမာစေတယ်

 

လာဗင်ဒါဆီက အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်သလို မှိုပိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ ကူးစက် ရောဂါတွေကို သက်သာစေနိုင်သလိုဝက်ခြံအပါအဝင် အရေပြားမှာဖြစ်တဲ့ အင်ပျဉ်နဲ့ အမျိုးမျိုးသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

 

ဆံသားကျန်းမာစေနိုင်ပါတယ်

 

လာဗင်ဒါအဆီက ဆံသားကို သန်စွမ်းစေနိုင်ပြီး ဆံသားကို တောက်ပြောင်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဦးရေပြားကိုလည်း သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။

 

လာဗင်ဒါ ပန်းလှလှလေးက အဆင်းရောအချင်းပါပြည့်စုံတယ်ဆိုတာကို အခုလောက်ဆိုရင် သိလောက်ပြီထင်ပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်စေဖို့ဆိုရင် လာဗင်ဒါအဆီကို အသုံးပြုပေးလို့ရပါတယ်။

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်