လာအိုနိုင်ငံ၌ကျင်းပမည့် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့‌ ရွှေ့ဆိုင်း   

ရန်ကုန် ၂၀ ဇူလိုင်

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် လာအိုနိုင်ငံ ဗီယန်တိုင်းမြို့၌ ကျင်းပမည့် ယခုနှစ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲကို တစ်နှစ်‌နောက်ဆုတ်၍ ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်‌ကြောင်း ပြိုင်ပွဲကျင်းပ‌ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပြိုင်ပွဲကို‌ ရွှေ့ဆိုင်းလိုက်တာ ဟုတ်ပါတယ်။ ဒါ‌ပေမယ့် အားလုံးပါ၀င်တဲ့ အစည်းအ‌ဝေး မလုပ်ရ‌သေးပါဘူး။ ဘယ်ပြိုင်ပွဲအမျိုးအစား‌တွေ ပါ၀င်မလဲဆိုတာ‌တွေကိုလည်း မသတ်မှတ်ထား‌သေးသလို အဖွဲ့ချုပ်အ‌နေနဲ့ သူတို့ဘက်က အ‌ကြောင်းကြားမှုကို‌ စောင့်ဆိုင်း‌နေပါတယ်”ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် တွဲဖက်အတွင်း‌ရေးမှူး ဦး‌ကျော်စိန်သန်းက‌ ပြောသည်။

မူလက ယင်းပြိုင်ပွဲကို ဇွန် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် သတ်မှတ်ထား‌သော်လည်း ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ရေး ထိန်းချုပ်‌ရေးကာလဖြစ်‌သောကြောင့် စက်တင်ဘာအတွင်း‌ ပြောင်းကျင်းပရန်‌ စီစဥ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အာရှနိုင်ငံအသီးသီး၌ ကိုဗစ်-၁၉‌ ရောဂါ ပျံ့နှံမှုကို ထိန်းချုပ်‌နေဆဲဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်သို့‌ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်‌ကြောင်း လာအို ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့‌ကြောင်း သိရသည်။ သို့သော် ပြန်လည်ကျင်းပမည့်ကာလ အတိအကျကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ အာဆီယံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် အပါအ၀င် အိမ်ရှင်နိုင်ငံနှင့် ပြိုင်ပွဲ၀င်များ၏ သက်ဆိုင်ရာအဖွဲ့ချုပ် တာ၀န်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါ၀င်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သောကြောင့် လေ့ကျင့်မှုများ ရပ်နားထားကြောင်း သိရသည်။

(၁၇)ကြိမ်မြောက် ကျင်းပမည့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို လာအိုနိုင်ငံက ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။ (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာနိုင်ငံက‌ ရွှေတံဆိပ် ၉ ခု၊ ‌ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၁၀ ခု စုစု‌ပေါင်း ဆုတံဆိပ် ၂၀ ဆွတ်ခူးခဲ့‌ကြောင်း သိရသည်။

အာကာစိုး